ပညာရေးဥပဒေ မူကြမ်းကို ကျောက်ဆည်မှာ ဆန္ဒပြ

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်း မှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ တိုင်းရင်းသားတွေ အတွက် မိခင်ဘာသာစကားနဲ့ သင်ကြား ခွင့်တွေ မပါရှိ လို့ဆိုပြီး မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့ မှာ ကျောင်းသား ၆၀ လောက်က ဒီနေ့ ဆန္ဒပြ ကန့်ကွက် ခဲ့ကြပါတယ်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကျောင်းသူကျာင်းသား ၅၀ လောက် မန္တလေး ရတနာပုံတက္ကသိုလ်ရှေ့မှာ ဇူလိုင်လ ၂၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ် Photo: Hset Paing Toe/RFA

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ တိုင်းရင်းသားတွေအတွက် မိခင်ဘာသာ စကားနဲ့ သင်ကြားခွင့်တွေ မပါရှိလို့ဆိုပြီး မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ ကျောင်းသား ၆၀ လောက်က ဒီနေ့ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

ဒီနေ့ ကန့်ကွက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်မင်းခန့်က အခုလိုပြောပါတယ်။

"သူတို့ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့ စစ်အာဏာရှင်တစ်ပိုင်းအစိုးရဟာ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးမှာ ပြည်သူ့ရဲ့ အသံ၊ ကျောင်းသားတွေဆန္ဒမပါဘဲနဲ့ အတည်ပြုခဲ့တာ ခင်ဗျ၊ သူတို့က ပညာရေးစနစ်ကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ထားရှိမယ့်ဥပဒေတစ်ခုပေါ့၊ တိုင်းရင်းသားတွေမျှော် မှန်းတဲ့ မိခင်ဘာသာစကားအခြေခံတဲ့ ဘာသာစကား သုံးမျိုးပညာရေးကိုလည်း သူတို့ပြဌာန်းမထားဘူး၊ အဲဒီအချက်က တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုပျက်ပြားစေပြီး ကျနော်တို့နိုင်ငံရဲ့ အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ထိခိုက်နိုင်တယ်လို့ ကျနော်တို့က ယူဆတယ်၊ ပြီးတော့ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတို့ရဲ့ တည်ထောင်ခွင့်ကိုလည်း ဒီဥပဒေမှာ ပြဌာန်းပေး မထားဘူး၊ အဲဒီအချက်တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ"

ဒါ့အပြင် သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ကျောင်းသားတွေ နိုင်ငံရေးလုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ရင် ကျောင်းထုတ်မယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းလောက်က တရားဝင်ကြေညာထားတာကို ပယ်ဖျက်ပေးဖို့လည်း ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်းက ကျောင်းသား ၆၀ လောက် ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဆွေးနွေးအတည်ပြုခဲ့ပြီး ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ထပ်မံအတည်ပြုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org