ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲကြောင့် ရွာ ၄၀ ကျော် စစ်ဘေးရှောင်ရ

ကျောက်ကြီးမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ကစဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရွာ ၄၁ ရွာက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ KNU

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၄၁ ရွာက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

တိမ်းရှောင်နေရသူတွေထဲ နတ်စင်ကုန်း၊ ငါးဖယ်အင်း၊ ကန်ကလေး၊ ဝါချဲ၊ ဇရပ်ကုန်း၊ ခင်ကန့်လန့်၊ ကျောင်းကုန်း၊ ပိန်းဇလုပ်ရွာမ၊ လက်ခံရွာ နဲ့ ကညင်ကျိုးရွာ စတဲ့ ၁၀ ရွာက ဒေသခံ ရှစ်ထောင်နီးပါး (၇၉၉၂ ဦး) ပါဝင်ပါတယ်။ ကျန်ရွာပေါင်း ၃၁ ရွာက ဒေသခံတွေစာရင်းကို ကောက်ယူနေဆဲဖြစ်တယ်လို့ KNU က ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်မှာ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ-၂၆၄ က ရေတွင်းကုန်းရွာကို လက်နက်ကြီးရှစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၃၈ နှစ်အရွယ် ကိုဇော်ဝင်းနိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရှိပြီး အဲ့ဒီထဲက ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ခုနစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲအတွင်း KNU ဘက်က ထိခိုက်သေဆုံးမှုတွေကို ဖော်ပြမထားပါဘူး။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦး ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

KNU ထိန်းချုပ်နယ်မြေတွေထဲမှာတော့ တိုက်ပွဲ၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့  စစ်ဘေးဒုက္ခသည် ခြောက်သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ရှိနေတယ်လို့ ဇူလိုင် ၁၆ ရက်နေ့က KNU က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org