မိုးရွာသွန်းမှုကြောင့် အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြုပ်

ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ထဲက ရပ်ကွက်နှစ်ခုနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြုပ်နေပြီး အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ကျိုင်းတုံမြို့က ရပ်ကွက် အမှတ် ၄ နဲ့ အမှတ် ၅ အပြင် မြို့သစ်၊ ကန်နာ စတဲ့ရွာတွေမှာ မြို့အနီးက ချောင်းရေမြင့် တက်လာပြီး ရေလွမ်းမိုး ခံနေရတာ ဖြစ်တယ်လို့ ရေဘေး ကူညီမှုတွေ ဆောင်ရွက်နေတဲ့ NLD ကျိုင်းတုံမြို့နယ် စည်းအဖွဲ့ဝင် ဦးတင်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

"မိုးရွာတော့ ၁၀ ရက်နီးပါးလောက် ရှိတာပေါ့လေ။ ကျိုင်းတုံမှာ ဆိုရင်တော့ ရေက တော်တော်လွမ်းပါတယ်။ ကျိုင်းတုံအထွက်မှာ လေယာဉ်ကွင်း အထွက်ပေါ့လေ။ အခုအခြေအနေကတော့ ရေတော့ လွမ်းနေတုန်းပဲ။ အဲ့မှာ ချောင်းရေးနား ကပ်လျက်ပေါ့။ နမ့်ခင်ချောင်းတို့ နမ့်လတ်ချောင်းပေါ့ဗျာ။ အိမ်ခြေကတော့ ကျွန်တော် အတိအကျ ပြောလို့ မရဘူးဗျ။ ဒီနေ့ ရပ်ကွက် ဥက္ကဋ္ဌ ကျွန်တော် မေးကြည့်တာတော့ တစ်ထောင်ကျော် နီးပါးလောက် ရှိမယ်တဲ့။ သေတာ ဘာညာထိတော့ သတင်းမကြားဘူး။ တချို့အိမ်တွေက အုတ်စိမ်းနဲ့ လုပ်ထားတော့ ရေထဲမှာ စိမ်နေတော့ အောက်ကနေ ပြိုကျတာတို့ ဘာတို့ သုံးလေးအိမ်တော့ ရှိတယ်လို့ သတင်းကြားတယ်။ လူအထိအခိုက်တော့ မတွေ့ဘူး"

ရေကြီးမှုကြောင့် ရေနစ်မြုပ်ခံခဲ့ရသူ တချို့ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့သူတွေ ရှိခဲ့ပေမယ့် အများစုကတော့ ရုတ်တရက် ရေကြီးခဲ့လို့ ရေနှစ်မြုပ်တဲ့ သူတို့ရဲ့ နေအိမ်တွေမှာပဲ နေထိုင်နေကြရဆဲဖြစ်ပြီး ဘယ်မှ မသွား မလာနိုင်ပဲ ဖြစ်နေကြတယ်လို့ ဆက်ပြောပါတယ်။

ရေဘေး ဒုက္ခသည်တွေကိုတော့ အာဏာပိုင်တွေက ဒုက္ခသည်စခန်း ၂ ခုဖွင့်ပြီး မြို့နယ် ကြက်ခြေနီ အဖွဲ့ဝင်၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်တွေနဲ့ နာရေး ကူညီမှုအသင်း အဖွဲ့ဝင်တွေက အကူအညီတွေ ပေးနေပေမယ့် လိုအပ်နေဆဲ ဖြစ်သလို ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် အဖွဲ့ဝင်တွေကလည်း တတ်နိုင်သလောက် အကူအညီတွေ ပေးနေကြောင်း ဦးတင်ဝင်းက ဆက်ပြောပါတယ်။

"ကျွန်တော်တို့က အဲလို သတင်းကြားတာနဲ့ ၅ ရက်ဆက်တိုက် မိုးရွာတော့ အဖွဲ့ဝင် ၁၀ ဦးပေါ့ဗျာ။ တတ်နိုင်တဲ့ဘက်က ခေါက်ဆွဲခြောက်တွေ ရေသန့်တွေ သွားဝေကြပါတယ်။ ဒီနေ့လည်း ကျွန်တော်တို့ တခြားအပိုင်းလေးတွေလည်း သွားဝေပါတယ်။ အဖွဲ့ဝင်ထဲက ကျွန်တော်တို့ တတ်နိုင်တဲ့ဟာ ခေါက်ဆွဲခြောက် ဘာညာလေးတွေပေါ့။ ဒီဝမ်ကန်နာဘက်တို့၊ နောက် ဒီ မြို့သစ်ဘက်တို့ပေါ့။ မနေ့က ကျွန်တော်တို့ လက်လှမ်းမမီသေးတဲ့ နေရာလေးတွေပေါ့ဗျား။ သွားကြပါတယ်။ အကူအညီကတော့ လိုနေပါအုံးမယ်။ ရေမကျမချင်းပေါ့ဗျာ"

ကျိုင်းတုံမြို့နယ်အတွင်းမှာ အခုလို ရေကြီးမှုမျိုးကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကလည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org