ကိုရီးယားမှာ ဖမ်းဆီးခံရတဲ့ မြန်မာတွေကို ကူညီနေကြောင်း NUG ပြော

တောင်ကိုရီးယားနိုင်ငံ အခြေစိုက် NUG ကိုယ်စားလှယ်ရုံးက ဒီလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို လွတ်မြောက်အောင် ကူညီပေးခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးကို တွေ့ရစဉ်။ exploringkorea. com

တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးက ဒီလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို လွတ်မြောက်အောင် ကူညီပေးခဲ့ကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သူတို့ဟာ နေထိုင်ခွင့် ဗီဇာအခက်အခဲကြောင့် ကိုရီးယား လူဝင်မှုကြီးကြပ်ရေးရဲ့ ဖမ်းဆီးခံရသူတွေဖြစ်ပြီး ပြန်လွတ်မြောက်ဖို့ ဥပဒေဘောင်ထဲက ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။

ယာယီနေထိုင်ခွင့် (ပြည်ထွက်မိန့်) သက်တမ်းတိုးဖို့ ငြင်းဆိုခံရသူတစ်ဦးကိုလည်း ပြေလည်အောင် ဖြေရှင်းကူညီပေးခဲ့တယ်လို့လည်း တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ယာယီနေထိုင်ခွင့် G1-99 ဗီဇာယူပြီး စာချုပ်မချုပ်ဘဲ အလုပ်လုပ်သူတစ်ဦးနဲ့ ယာယီနေထိုင်ခွင့် (ပြည်ထွက်မိန့်) ယူထားပြီး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရသူ သုံးဦးဟာ ခွင့်ပြုချက်မဲ့ အလုပ်လုပ်မှုနဲ့ ဒဏ်ကြေး ဝမ်သိန်းနှစ်ဆယ် ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ်ဦးကတော့ ဒီကာလတွေမှာ ယာယီနေထိုင်ခွင့် G1-99 ဗီဇာယူထားသူတွေအနေနဲ့ သတ်မှတ်စည်းကမ်းတွေ လိုက်နာဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။

“တောင်ကိုရီးယားနိုင်ငံတွင်း အခြေအနေကလည်း မတည်မငြိမ်ဖြစ်နေသေးတယ်။ မြန်မာတွေအနေနဲ့ကတော့ သူတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေအတိုင်း နေထိုင်သင့်ပါတယ်။ တခြားနိုင်ငံတွေထက် တောင်ကိုရီးယားအစိုးရဟာ မြန်မာနိုင်ငံသားတွေအပေါ် အကူအညီပေးတယ်”

ကိုရီးယား လူဝင်မှုကြီးကြပ်ရေးရဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားတွေအနေနဲ့ ရဲမှုခင်း ပြစ်မှု တစ်စုံတစ်ရာ ကင်းရှင်းမှ ပြန်လည်လွတ်မြောက်ဖို့ အခွင့်အလမ်းရှိပြီး ပြစ်မှုရှိရင် လွတ်မြောက်မှာ မဟုတ်ကြောင်းလည်း တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG ရဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးက သက်တမ်းကုန် နိုင်ငံကူးလက်မှတ်တွေကို နှစ်နှစ်သက်တမ်း တိုးပေးတာ လက်မခံတော့တဲ့အကြောင်း တောင်ကိုရီးယားအစိုးရက ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org