ကိုပါကြီးရုပ်အလောင်း ရန်ကုန်ရေဝေးမှာ ဂူသွင်းသြင်္ဂိုဟ်
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ရုပ်အလောင်း ကို မော်လမြိုင်ဆေးရုံကနေ ပြန်လည်သယ်ဆောင်ပြီး ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဒီနေ့ညနေပိုင်းက ဂူသွင်း သြင်္ဂိုဟ်ခဲ့ပါတယ်။
-
2014-11-07 -
-
-
Your browser doesn’t support HTML5 audio
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံ ကနေ ပြန်လည်သယ်ဆောင်ပြီး ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဒီနေ့ညနေပိုင်းက ဂူသွင်းသြင်္ဂိုဟ်ခဲ့ပါတယ်။
ကိုပါကြီးဈာပန အခမ်းအနားကို လာရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အတားအဆီးတွေရှိတဲ့ကြားက စည်းလုံးမှု ရှိတဲ့အတွက် ကိုပါကြီးအလောင်းကို အခုလို သြင်္ဂိုဟ် နိုင်တာလို့ ပြောပါတယ်။
"သုံးရောင်ခြယ်အဖွဲ့ဝင် အလွတ်သတင်းထောက် ကိုပါကြီးရဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီးတော့ လူမသိသူမသိ အဆုံးစီရင်ခဲ့တဲ့ ကိုပါကြီး၊ ဒါပေမဲ့ ဒီကနေ့ ဒီအချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အားလုံးသိခဲ့ပြီ၊ ကိုပါကြီးရဲ့ အလောင်းကို လည်း ဟောဒီ့နေရာကို အရောက်ပြန်ယူလာခဲ့ပြီ၊ အဲ့ဒါဟာ ကျနော်တို့အားလုံးရဲ့ ညီညွှတ်မှု လည်းဖြစ်တယ်၊ ဒီကနေ့ ကျနော်တို့ သတင်းသမားတွေ လွတ်လပ်တဲ့ခေတ် ပွင့်လင်းတဲ့ခေတ်ကို အာသာပြင်းပြင်းနဲ့ လိုချင်နေပြီဆိုတာ ဒီကနေ့က သာဓကပြလိုက်တယ်လို့ ကျနော်ဆိုလိုချင်ပါတယ်"
ကိုပါကြီးဈာပန အခမ်းအနားကို ရွှေညဝါဆရာတော်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တက်ရောက်ခဲ့ပါတယ်။
ကိုပါကြီးရုပ်အလောင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာမှာ နိုဝင်ဘာလ ၅ ရက်နေ့က ပြန်လည်တူးဖော်ခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးက ရင်ခွဲရုံမှာ မှုခင်းဆရာဝန်ကြီးတွေနဲ့ စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ကိုပါကြီးဟာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း တေ့ွရှိခဲ့တယ်လို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာလ ၉ရက်နေ့ ရန်ကုန်မြို့ ကြည့်မြင်တိုင်ကမ်းနားလမ်းက ပညာ့ဗိမာန်စာသင်တိုက်မှာ ကိုပါကြီးကိုရည်စူးပြီး တစ်လပြည့်ဆွမ်းကပ်မယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရတဲ့အမှုအတွက် တရားဥပဒေအရ ဆက်လက်ဆောင်ရွက်တဲ့အခါမှာ လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ အခက်အခဲတွေ ရင်ဆိုင်ရဦးမယ်လို့ ရှေ့နေက သုံးသပ်လိုက်ပါတယ်။ အဲဒီအခြေခံဥပဒေထဲမှာ တပ်မတော်သားတွေနဲ့ဆိုင်တဲ့ ပြစ်မှုတွေကို စစ်ဥပဒေအရပဲ အရေးယူမယ်လို့ ပြဌာန်းထားတဲ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်လို့ ပြဌာန်းထားတဲ့အချက်ကလည်း တရားမျှတမှုမရှိနိုင်တဲ့အတွက် ပြင်ဖို့လိုအပ်တယ်လို့ ထောက်ပြပါတယ်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်ရဲ့ တာဝန်ပေးချက်အရ ကိုပါကြီးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။