ကိုကိုးကျွန်းက တားမြစ်တဲ့ နယ်မြေဟာ စစ်ရေးအရဖြစ်တယ် လို့ ကော်မရှင်ပြော
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းအတွင်း မဲဆွယ်စည်းရုံးခွင့် တားမြစ်ထားတဲ့ နယ်မြေတွေဟာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ကန့်သတ် တာဖြစ်ကြောင်း မြို့နယ်ကော်မရှင်က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေထံ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
-
2015-10-25 -
-
-
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းအတွင်း မဲဆွယ်စည်းရုံးခွင့် တားမြစ်ထားတဲ့နယ်မြေတွေဟာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ကန့်သတ်တာဖြစ်ကြောင်း မြို့နယ်ကော်မရှင်က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေထံ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
တားမြစ်နယ်မြေတွေမှာ မဲဆွယ်စည်းရုံးခွင့်ပေးဖို့ ကော်မရှင်ထံ စာတင်ထားတာကို ခွင့်ပြုမပေးနိုင်ကြောင်း အကြောင်းပြန်တဲ့အတွက် အမှတ် ၂ ရေတပ်စခန်းမှူးနဲ့ တွေ့ဆုံဖို့ ကြိုးစားနေတယ်လို့ ကိုကိုးကျွန်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း က ပြောပါတယ်။
"ဒီ ကန့်သတ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့်မရတဲ့အတွက် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကော်မရှင်ကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ စာတင်တယ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကနေပြီးတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ကန့်သတ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့်ကို မပြုဘူးဆိုပြီး ကျနော်တို့ကို အကြောင်းပြန်တာပါ ၊ ကော်မရှင်ကပြန်တဲ့အတွက် ကျနော် ဒီညနေ ၄ နာရီမှာ ပြည်နယ်စခန်းမှူးနဲ့တွေ့ဖို့အတွက် အမှတ် ၂ ရေတပ် စခန်းကိုသွားပါတယ်၊ ရေတပ်စခန်းမှူ းက မရှိပါဘူးတဲ့၊ သူက ကိုကိုးကျွန်းမြို့ကို သွားတယ်လို့ သိရတဲ့အတွက် ကျနော်တို့ ပြန်လာခဲ့ရပါတယ်"
ကိုကိုးကျွန်းမြို့နယ်ဟာ ဧက ၃ဝဝဝ ခန့်ရှိပြီး မြို့မြေအဖြစ် သတ်မှတ်ထားတာက ဧက ၅ဝဝ ခန့်ပဲရှိတယ်လို့ သိရပါတယ်။ မြို့ပေါ်မှာ အိမ်ခြေ ၁၃ဝ လောက်ရှိပြီး မဲပေးနိုင်တဲ့ ဦးရေ ၃ဝဝ လောက်သာရှိတယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မြို့ပေါ်မှာနေထိုင်ကြသူ ၃ဝဝ လောက်ကိုသာ မဲဆွယ် စည်းရုံးနေရတယ်လို့ ဦးဝင်းမင်းက ပြောပါတယ်။
ကိုကိုးကျွန်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။