ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက သေဒဏ်ချမှတ်
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီက သေဒဏ်ချ မှတ်လိုက်ပါတယ်။
- 2022-01-21
-
-
-
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တယ်ဆိုတဲ့ စွဲချက်၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပါတယ်။
ကိုဂျင်မီဟာ CRPH၊ NUG နဲ့ PDF လက်အောက်ခံ "နွေဦးကံ့ကော်" အဖွဲ့ကို လက်နက်ခဲယမ်းတွေဝယ်ဖို့ ငွေကြေး လွှဲပြောင်းပေးခဲ့သလို၊ အမေရိကန်ဒေါ်လာ သိန်းတစ်ထောင်နီးပါး တန်ဖိုးရှိတဲ့၊ သေနတ်ထုတ်နိုင်တဲ့ 3D Printer ဝယ်ယူဖို့ NUG ကို ဆက်သွယ် တောင်းခံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
နေအိမ်မှာ လက်နက်၊ ကျည်၊ ဗုံးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ ဦးဖြိုးဇေယျာသော် ဟာလည်း အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက သတ်မှတ်ထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့တွေနဲ့ ဆက်စပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လက်အောက်က အဖွဲ့တွေက ရန်ကုန်မြို့တွင်းမှာ အကြမ်းဖက်ဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ဆောင်ချက်တွေကြောင့် သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည) တို့နဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။