ကိုထင်ကျော်ရဲ့ မိသားစု ထောင်ဝင် စာတွေ့ခွင့် ငြင်းပယ်ခံရ
အင်းစိန်ထောင်အတွင်း ၇ ရက်ကြာ အစာငတ်ခံဆန္ဒပြနေတဲ့ MDCF ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို သူ့မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင် စာတွေ့ဖို့ သွားရောက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေ က တွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
-
2014-10-09 -
-
-
အင်းစိန်ထောင်အတွင်း ၇ ရက်ကြာ အစာငတ်ခံ ဆန္ဒပြနေတဲ့ MDCF ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို သူ့မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင်စာတွေ့ဖို့ သွားရောက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေ က တွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
ကိုထင်ကျော်က ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေ တာကြောင့် မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေး ပဲ ငြင်းပယ်ဖို့ အကျဉ်းဦးစီးဌာနက ညွှန်ကြားချက် ထုတ်ထားကြောင်း ထောင်တာဝန်ခံက ရှင်းပြခဲ့တယ်လို့ အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ ကိုထင်ကျော်ရဲ့ ဇနီး မသန်းသန်းမော်က RFA ကို ပြောပါတယ်။
"သူတို့ထောင်ဥပဒေအရ အစာငတ်ခံဆန္ဒပြသူ ကို ထောင်လူတွေ့ခွင့်ပိတ်တယ်ဆိုပြီး ကျမကို အကြောင်းပြတယ်ရှင့်၊ ကျမ ထောင်လက်စွဲစာအုပ်ကို ကြည့်ချင်တယ်ဆိုပြီးတော့ လက်စွဲစာအုပ်ကို ယူလာတဲ့အခါမှာ အဲ့အထဲမှာ သေသေချာချာပြထားတာ မရှိဘူးရှင့်၊ နောက်ပြီးမှ အကစ ရုံးချုပ်ကနေပြီးတော့ ကိုထင်ကျော် ကို ညွှန်ကြားချက်ထုတ်ထားတယ်ပေါ့၊ ထောင်ဝင်စာမတွေ့ဖို့ပါ၊ အဲ့ဒါကြောင့် သူတို့တွေ တွေ့ခွင့် မပေးနိုင်သေးဘူးပေါ့နော်၊ ကြားထဲမှာ ထောင်စည်းမျဉ်းစည်းကမ်းတချို့ကိုပေ့ါနော် သူနဲ့အဆင်ပြေမယ်ဆိုလို့ ရှိရင် ထောင်တွေ့ခွင့်ရတယ်ဆို သူဆက်သွယ်ပေးပါ့မယ်ဆိုပြီးတော့ တာဝန်ခံတစ်ယောက်က ရှင်းပြလိုက်တယ်"
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကိုထင်ကျော်နဲ့ အဖွဲ့ဝင်တွေဟာ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ တောင်ဥက္ကလာ ၊ မြောက်ဒဂုံ၊ ကျောက်တံတား စတဲ့မြို့နယ် ၁၁ မြို့နယ်မှာ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ စာရွက်တွေ လိုက်လံဝေငှခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) နဲ့ တရားစွဲခံခဲ့ရပါတယ်။ အခုဆိုရင် မြို့နယ် ၁ဝ မြို့နယ်က ထောင်ဒဏ် ၁ဝ နှစ်ကျော် ချမှတ်ခဲ့ပြီး ကျောက်တံတားမြို့နယ် ၁ ခုကပဲ အမိန့်ချဖို့ ကျန်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်းကလည်း ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ ၃၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ဖူးပါတယ်။ အဲဒီကာလတုံးကတော့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ကိုထင်ကျော်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တို့နဲ့ လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ၄ လ အမိန့်ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။