ကိုဖီအာနန် စစ်တွေ လာမည်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်ဟာ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ စစ်တွေမြို့ ကို ရောက်ရှိမှာဖြစ်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

စစ်တွေမြို့ကို စက်တင်ဘာလ ၆ ရက်နေ့မှာလာမယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် ကို တွေ့ရစဉ် Photo: kofi annan's Twitter

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ မစ္စတာကိုဖီအာနန်ဟာ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ စစ်တွေမြို့ကို ရောက်ရှိမှာဖြစ်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံမယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကပြောပါတယ်။

သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်မှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပြင် မြို့ခံဆရာတော်ကြီးတွေ နဲ့ပါ တွေ့ဆုံမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။

" ၆ ရက်နေ့ ရောက်ပြီးတာနဲ့ သူ ပြည်သူတွေနဲ့ တွေ့ပြီး အကျိုးအကြောင်း ရှင်းပြမယ်၊ ခန်းမတခုခုမှာပေါ့၊ ဦးဥတ္တမခန်းမနဲ့ ခိုင်သဇင်ခန်းမ နှစ်ခုက တစ်ခုခုမှာပေါ့၊ အဲဒီမှာ ရှင်းပြမှာပေါ့၊ လူတွေကလည်း သိချင်တာကို မေးနိုင်တဲ့ အနေအထားရှိမယ်ပေါ့၊ လူထုနဲ့ တွေ့ပြီးရင် အစိုးရ အဖွဲ့တွေနဲ့ တွေ့မယ်၊ ပြီးရင် ဆရာတော် သံဃာတော်တွေနဲ့ ခုနကလို CSO တွေနဲ့ တွေ့မယ်၊ အဲဒါလည်း အစိုးရအဖွဲ့ရုံးမှာပဲ စီစဉ်ထားတယ်"

အဲဒီခရီးစဉ်မှာ မစ္စတာကိုဖီအာနန်နဲ့အတူ ကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

မစ္စတာ ကိုဖီအာနန်အနေနဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ တစ်နှစ်တာအတွင်း ဆောင်ရွက်မယ့် အစီအစဉ်တွေ ၊ လေ့လာစုံစမ်းရေးကိစ္စတွေကို ပြည်သူတွေကို ချပြပြောဆိုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သူ့အနေနဲ့ ရခိုင်ပြည်နယ်ကို အမြဲတမ်းလာရောက်နေမှာမဟုတ်လို့ အစီရင်ခံစာအတွက် လိုအပ်တာတွေ ကို ကော်မရှင်အဖွဲ့ဝင်တွေနဲ့သာ အဓိကထိတွေ့ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဝန်ကြီးဦးမင်းအောင်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း မစ္စတာကိုဖီအာနန် ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တစ်နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင် ကို အစိုးရကိုတင်ပြရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့် ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org