ရခိုင် အကြံပေးအဖွဲ့က ထိုင်း သံအမတ်ကြီးဟောင်း နုတ်ထွက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့မှာ ပါဝင်ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ သံအမတ်ကြီးဟောင်း Kobsak Chutikul ကော့ဘ်ဆက် ချိုတီကူးလ် က အဲဒီ အဖွဲ့ကနေ သူနုတ်ထွက်လိုက်ပြီလို့ ထုတ်ဖေါ်ပြောဆိုကြောင်း မနေ့က ရရှိတဲ့ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံ သံအမတ်ကြီးဟောင်း Kobsak Chutiku (ယာအစွန်) ကို တွေ့ရစဉ် Photo: ROSLAN RAHMAN / AFP

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့မှာ ပါဝင်ဆောင်ရွက် နေတဲ့ ထိုင်းနိုင်ငံ သံအမတ်ကြီးဟောင်း Kobsak Chutikul ကော့ဘ်ဆက် ချိုတီကူးလ် က အဲဒီ အဖွဲ့ကနေ သူနုတ်ထွက်လိုက်ပြီလို့ ထုတ်ဖေါ်ပြောဆိုကြောင်း မနေ့က ရရှိတဲ့ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart Sathiathai ဆူရာကီယတ် ဆာသီယာထိုင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် တဲ့ အဲဒီ အကြံပေးအဖွဲ့ကို မြန်မာအစိုးရက ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဒီဇင်္ဘာလမှာ ဖွဲ့စည်းခဲ့ပါတယ်။ ကော့ဘ်ဆက်က အကြံပေးအဖွဲ့ဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ အခုအချိန်အထိ ဖွဲ့စည်းတာ ၆ လရှိပြီဖြစ်ပေမယ့် မယ်မယ်ရရ အောင်မြင်မှုမရှိကြောင်း၊ မြန်မာအစိုးရက ဒီအဖွဲ့ကို နိုင်ငံတကာ အကူအညီတွေ ရယူခွင့်မပြုသလို ရုံးခန်းအတည်တကျ ဖွင့်ခွင့်လည်း မပေးကြောင်း၊ နေပြည်တော်မှာ ညစာတွေ ကောင်းကောင်း စားပြီး ခရီးတွေ သွားလောက်ပဲရှိတဲ့အတွက် ဟန်ပြအဖွဲ့သာဖြစ်နေကြောင်း နဲ့ မြန်မာ့တပ်မတော် အရာရှိတွေ ကလည်း သူတို့အဖွဲ့ကို လက်ခံတွေ့ဆုံဖို့ ငြင်းဆန်ခဲ့ကြောင်း စသဖြင့် ပြောပါတယ်။

အဖွဲ့ကနေ ပြီးခဲ့တဲ့ ဇူလိုင် ၁ဝ ရက်နေ့ကတည်းက သူ နုတ်ထွက်လိုက်တာဖြစ်ပေမယ့် အခုမှ လူသိရှင်ကြား ပြောဆိုတာဖြစ်ပါတယ်။

အခုလို ကော့ဘ်ဆက်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သူ့အဖွဲ့ခေါင်းဆောင် ဆူရာကီယတ် ထံကသော် လည်းကောင်း၊ အစိုးရ တာဝန်ရှိသူတွေ နဲ့ တပ်မတော်ဘက်ကသော်လည်းကောင်း တုံ့ပြန်ပြောကြားချက် တစ်စုံတစ်ရာ မရရှိသေးကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် အဖြစ်ကနေ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ဘီလ် ရစ်ချတ်ဆင် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နုတ်ထွက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org