စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ကရင်နီပြည်သူ့စစ်အဖွဲ့ KNSO ထုတ်ပြန်
မော်ချီးဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNSO (ခေါ်) ကြယ်ဖြူအဖွဲ့က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-04-10 -
-
-
ကယား(ကရင်နီ)ပြည်နယ် မော်ချီးဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) (ခေါ်) ကြယ်ဖြူအဖွဲ့က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဧပြီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကရင်နီပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ KNSO တပ်ဖွဲ့ဝင်အင်အား အတိအကျကို ထုတ်ပြန်ထားတာမရှိသေးသလို RFA အနေနဲ့ KNSO အဖွဲ့တာဝန်ရှိသူတွေကို ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။
KNSO အဖွဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ သဘောထားကို သိနိုင်ဖို့ တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီထုတ်ပြန်ချက်ကို Progressive Karenni People Force - PKPF၊ ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီ(KSCC)၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က သူတို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေထားပါတယ်။
KNSO အဖွဲ့ဟာ ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က စစ်တပ်၊ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ ဖြစ်ပြီး ငါးနှစ်အကြာမှာ ကြယ်ဖြူပြည်သူ့စစ်အနေနဲ့ ကူးပြောင်းရပ်တည်ခဲ့တာဖြစ်ပါတယ်။
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ဌာနချုပ်ရုံးရှိရာ ခဲမဖြူရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာ၊ မော်ချီးဒေသခံတွေ နေထိုင်ရာ ကျေးရွာတွေကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တာလို့ KNSO အဖွဲ့က ထုတ်ပြန်ထားပါတယ်။
KNSO ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ထောင်သွင်းအကျဉ်းချတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့တာတွေကို ကန့်ကွက်ရှုတ်ချကြောင်းလည်း KNSO က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။