(၆၄) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ KNPP ဦးဆောင်ကျင်းပ

(၆၄) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ကယားပြည်နယ် ဒီမောဆိုမြို့နယ် နမ့်ပုလဲကျေးရွာမှာ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ဦးဆောင်ကျင်းပခဲ့ပါတယ်။

အရင်နှစ်တွေက ကရင်နီအမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ပြည်တွင်းမှာ တရားဝင် ကျင်းပခွင့်မရခဲ့ဘဲ အခုနှစ်မှ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လ့ို သိရပါတယ်။

ဒီအခမ်းအနားကို ဒေသတွင်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကယန်းပြည်သစ် ပါတီ၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး တို့အပြင် ဒေသတွင်း တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားနဲ့ ပတ်သက်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က ဗဟိုကော်မတီဝင်၊ ပြန်ကြားရေး တာဝန်ခံ ဦးဒယ်နီရယ်က RFA ကို အခုလို ပြောပါတယ်။

"ပထမအချက်အနေနဲ့ ဒါလူထုကို ပိုသိလာအောင်ပေါ့လေ။ ဒါဘယ်လို ပေါ်ပေါက်လာသလဲ။ နောင်လာနောက်သားတွေက အာဇာနည်နေ့ အဓိပ္ပါယ်ပေါ့လေ။ လူထုကြားမှာ သိစေချင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်တွေ ရှေ့ဆက် ကျွန်တော်တို့ ဘာတွေလုပ်မလဲ ဆိုတဲ့ဟာတွေ၊ သိဖို့ပေါ့လေ၊ ကျွန်တော်တို့ ရည်ရွယ်တယ်"

တိုင်းရင်းသား လွတ်လပ်ခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်သူ ဦးဗီဒူရယ် ကျဆုံးခဲ့တဲ့ စက်တင်ဘာ (၈) ရက်နေ့ကို ကရင်နီ အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ် ကျင်းပခဲ့တာ (၆၄) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ် ကရင်နီ အာဇာနည်နေ့ အခမ်းအနားတွေကို ကယားပြည်နယ် ဒီမောဆိုမြို့နယ်၊ ဖာဆောင်းမြို့နယ်တွေ အပါအဝင် ထိုင်း- မြန်မာနယ်စပ်က နေရာတချို့မှာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org