ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ KNPP ပြော
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သားတစ်ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဒီနေ့ ပြောပါတယ်။
-
2017-12-31 -
-
-
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သားတစ်ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဒီနေ့ ပြောပါတယ်။
KNPP အောက်ခြေ တပ်ဖွဲ့ဝင်တွေကြားမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အယုံအကြည်နည်းသွားစေတယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။
"အခုဒီလိုဖြစ်တဲ့အခါမှာ ပြဿနာက ဘာလဲဆိုတော့ အောက်ခြေရဲဘော်တွေက အယုံအကြည် မရှိတော့ ဘူး။ အယုံအကြည်မရှိတော့ ဘာဖြစ်လဲဆိုတော့ သူတို့ ယာယီတပ်စခန်းတွေမှာ နေ့ဆိုနေတယ်။ ညဆိုတောထဲထွက်အိပ်တယ်။ အဲဒီလိုတွေဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့က ဒီလိုအခြေအနေမျိုးမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဘာညာ လက်မှတ်ထိုးမယ့်ကိစ္စတွေကို ဘယ်လိုထပ်ပြီးတော့ ဆွေးနွေးတော့မလဲ။ ကျနော်တို့ ရဲဘော်တွေက ကျနော်တို့ကို ဘယ်လိုမြင်သွားမလဲပေါ့နော်။ အဲဒီတော့ အချိန်ယူပြီးတော့ သူတို့ ယုံကြည်မှုတည်ဆောက်ဖို့ ပြန်လုပ်ရမလိုဖြစ်နေတယ်။ သူတို့ ယုံကြည်မှုဆိုတာ သူတို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုပေါ့လေ။ အဲဒီတော့ ကျနော်တို့ ယုံကြည်မှုကို အများကြီး ထိခိုက်သွားတဲ့အတွက်ကြောင့်မို့လို့ တကယ်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာလည်း ထိခိုက်မှု ရှိပါတယ်"
ယုံကြည်မှု နည်းသွားတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှောင့်နှေးစေနိုင်တယ်လို့လည်း ဦးရွှေမျိုးသန့် က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က လွိုင်ကော်မြို့၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြား ကျေးရွာ ကြားမှာရှိတဲ့ KNPP ရဲ့ယာယီကင်းစခန်းတစ်ခုကို တပ်မတော်က ဝင်ရောက်စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သား တစ်ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီယာယီကင်းစခန်းက KNPP တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
တပ်မတော်ဘက်ကတော့ နှစ်ဘက်တိုက်ပွဲဖြစ်လို့ သေဆုံးတာဖြစ်ပြီး ဥပဒေမဲ့ သတ်ဖြတ်တာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးတာတွေလည်း ပြုလုပ်နေပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ညှိနှိုင်းမှုတွေပြုလုပ်နေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပါတယ်။