ဆွေးနွေးပွဲ ရပ်လိုက်တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ပူးတွဲ ကြေညာချက်မှာ အချက် လေးချက်ပါပြီး ကေအိုင်အိုဟာ မြန်မာ အစိုးရနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပြီး ဆွေးနွေးချက်တွေကို
အများပြည်သူ သိရှိဖို့ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ ကေအိုင်အိုက ပင်လုံစာချုပ်ကို အခြေခံထားပြီး ဆွေးနွေးပေမယ့် အစိုးရဘက်က “ပင်လုံ ကတိကဝတ်” ဆိုတဲ့ ဝေါဟာရ နေရာမှာ “ပြည်ထောင်စု စိတ်ဓာတ်” ဆိုတာကို အစားထိုးစေချင်ပုံ ရတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ
ကေအိုင်အို စစ်မဟာဗျူဟာ ဌာနက ဗိုလ်မှူးကြီး ဇော်တောင်က အာအက်ဖ်အေကို ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးးပွဲမှာ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ စစ်ရေး နိုင်ငံရေး ကိစ္စ နှစ်ရပ်လုံးကို ဆွေးနွေးခဲ့ကြပြီး အကြမ်းအားဖြင့် အချက် ၅ ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြ ပါတယ်။ ဆွေးနွေးပွဲ ပြုလုပ်နေချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့
ပတ်သက်ပြီး ကေအိုင်အိုဘက်က မေးမြန်းခဲ့တယ်လို့ ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။
“သူတို့ကတော့ ရှေ့တန်းနေရာမှာ ဒါမျိုးတွေတော့ ဖြစ်တတ်ပါတယ် ဆိုပြီး ပြောတာပဲ”
ကေအိုင်အိုနဲ့ ဖြစ်ပွားနေတဲ့ စစ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က စစ်ပွဲတွေ ရပ်ဖို့ ကာကွယ်ရေး ဦးစီးချုပ်ထံကို ပြီးခဲ့တဲ့ ဒီဇင်္ဘာ ၁၀ ရက်က အမိန့်ပေးခဲ့ပေမယ့် စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် ကိုရဲထက်က ဆက်လက်တင်ပြပါမယ်။
ဆွေးနွေးပွဲ ရပ်လိုက်တာနဲ့ ပတ်သက်ပြီး တရုတ် မြန်မာ နယ်စပ်စစ် ရေးရာ နိုင်ငံရေးရာ လေ့လာသူ ဦးအောင်ကျော်ဇောကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။