နိုင်ငံရေးဆွေးနွေးမှုမျိုး ကေအိုင်အို လိုလား

နိုင်ငံရေးဆွေးနွေးမှုမျိုး အစိုးရဘက်က ကမ်းလှမ်းလာရင် ကေအိုင်အို ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့အနေနဲ့ လက်ခံ တွေ့ဆုံဆွေးနွေးမယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဒီကနေ့ ပြောလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG KNG

နိုင်ငံရေး ဆွေးနွေးမှုလုပ်ရင် အပစ်ခတ် ရပ်စဲရေးဟာ အလိုလို ဖြစ်သွားနိုင်ကြောင်းကိုလည်း ထည့်သွင်း ပြောသွားပါတယ်။

တိုင်းရင်းသား အဖွဲ့တွေဖြစ်တဲ့ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး၊ ကေအင်ပီပီ ကရင်နီအမျိုးသား တိုးတက်ရေးပါတီအဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က ထိုင်း မြန်မာ နယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ အဲဒီနေ့မှာပဲ ကေအိုင်အို ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဦးလာနန်းက အတည်ပြု ပြောပါတယ်။ ဒါပေမဲ့ နှစ်ဘက် ဘာတွေ ဆွေးနွေးသလဲဆိုတာ မသိရသေးကြောင်းလည်း ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာဟာ အရင် စစ်အစိုးရ လက်ထက်က ကေအိုင်အိုကို နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ ဖိအားပေးခဲ့တာကို ကေအိုင်အိုဘက်က လက်မခံနိုင်လို့ အခုလို စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ရကြောင်း ဦးလာနန်းက ပြောပါတယ်။

ကေအိုင်အို ခေါင်းဆောင်တွေနဲ့ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ အပစ်ခတ် ရပ်စဲရေးအတွက် ဩဂုတ်လ ၂ ရက်က နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပေမဲ့ နောက်ပိုင်းမှာ တွေ့ဆုံမှုတွေ ပျက်ပြား သွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org