ကသာမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ဒေသခံတစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ပင်းမလွတ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဒေသခံတစ်ဦးကို ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့တစ်နေရာကို တွေ့ရစဉ်။ လူထုနွေဦး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ပင်းမလွတ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဒေသခံတစ်ဦးကို ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကသာ ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံနဲ့ ထောက်ပို့အဖွဲ့ဝင်တို့ဟာ ပင်းမလွတ်ရွာက နေအိမ်တစ်အိမ်မှာ ညအိပ်နေချိန် အင်အားခြောက်ဆယ်ခန့်ပါ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး အဲဒီနှစ်ဦးအပြင် အိမ်ရှင်ကိုပါ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရောက်နေတာကို သတင်းအတိအကျနဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး လည်လှီးသတ်ဖြတ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"အသတ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ သတင်းအတိအကျနဲ့ကို နေအိမ်ကို လာဝိုင်းတဲ့သဘောပေါ့။ အဲဒီမှာပဲ ဖမ်းပြီး၊ နေရာမှာတင် တစ်ခါတည်း လည်လှီးပြီး သတ်လိုက်တာ။ နေအိမ်တွေကိုလည်း မီးရှို့ပြီးထားခဲ့တယ်"

သတ်ဖြတ်ခံရသူတွေဟာ ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံ အသက် (၄၀) အရွယ် ကိုဘရန်ရှောင်၊ ထောက်ပို့တပ်ဖွဲ့ဝင် အသက် (၃၀) အရွယ် ကိုဂျက်လီနဲ့ အသက် (၄၀) အရွယ် အိမ်ရှင်အမျိုးသား ကိုဘောက်မိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေအိမ်အပါအဝင် နေအိမ်လေးလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ကောလင်းမြို့ကို သိမ်းလိုက်ပြီးနောက် ကသာမြို့မှာ စစ်ကောင်စီတပ်က အင်အား တိုးချဲ့ထားသလို လုံခြုံရေးကိုပါ တင်းကျပ်ထားတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org