ကချင်ဒေသအနှံ့ ထိုးစစ်တွေလျော့ချဖို့ ကေအိုင်အို တောင်းဆို
မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ပဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို လျော့ချသင့်တယ် လို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက် ပါတယ်။
-
2013-01-19 -
-
-
ဇန်နဝါရီလ ၁၈ရက်နေ့ မနေ့က အစိုးရက ကချင်ဒေသစစ်ပွဲတွေ ရပ်ဆိုင်းလိုက်ဖို့ ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်အပြီး ဒီကနေ့ ကေအိုင်အိုအဖွဲ့ကလည်း သဘောထားထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က သဘောထားထုတ်ပြန်တဲ့အချက်ကို အခုလို ပြောပြပါတယ်။
“မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုကို လျော့ချသင့်တယ် ဆိုတာကိုပဲ ကြေညာချက်ထုတ်တာပါ၊ အခုက သူတို့က လဂျားယန်ဒေသပဲပြောတာပါ၊ အမှန်တကယ်ပဲ ဒီနေ့တိုက်ပွဲက နေရာအနှံ့မှာရှိသေးတယ်ခင်ဗျ၊ တပ်မဟာ ၃ ဖက်မှာလည်း ဒီကနေ့မနက် ၁ဝနာရီ ပတ်ဝန်းကျင်ကနေ မွန်းလွဲ ၂ နာရီလောက်အထိ သူတို့လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးဆက်တိုက်လုပ်နေကြတယ်၊ တခြားဒေသမှာလဲ ရှိဦးမှာပါ၊ ဒါကြောင့် အမှန်တကယ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကို အမှန်တကယ်ရောက်စေချင်တယ်ဆိုရင် သူတို့ရဲ့ ကချင်ဒေသမှာ စစ်ဆင်ရေးလုပ်နေတဲ့ အရှိန်ကို လျော့ချသင့်တယ်ဆိုတဲ့ဟာမျိုး ဆိုလိုတာပါ”
မနေ့က အစိုးရက ထုတ်ပြန်တဲ့အချက်ထဲမှာ ပါရှိတာက ယခုအခါ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိစစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ်ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြောင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက် ဒီကနေ့ မနက် ၆နာရီမှစတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။
အဲဒီအချက်အပေါ်အခြေခံပြီး ကေအိုင်အိုဖက်က လဂျားယန်ဒေသတင်မဟုတ်ပဲ ကချင်ဒေသအနှံ့ တပ်မတော်ရဲ့ ထိုးစစ်တွေကို လျော့ချပေးဖို့တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။ အစိုးရကြေညာချက်ထဲမှာ ကေအိုင်အို အနေနဲ့လည်း လက်အောက်ခံတပ်ဖွဲ့များကို တိုက်ခိုက်မှုတွေမလုပ်ဖို့ ညွှန်ကြားရန်လိုအပ်ကြောင်း ပြောဆိုထားပါတယ်။
အမျိုသားပြန်လည်စည်းလုံးညီညွှတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ်ရပ်စဲရေးကတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အစိုးရရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။