ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ KIA စစ်ဦးစီးချုပ်ဖြစ်လာ

KIA စစ်ဦးစီးချုပ်နေရာကို ဒုစစ်ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာကို ခန့်အပ်ထားပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မေ ၂၉ မှာ ပြောပါတယ်။

၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့က (KIA) ၏ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာအား တွေ့ရစဉ်။ Mading labung

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ လစ်လပ်နေတဲ့ စစ်ဦးစီးချုပ်နေရာကို ဒုစစ်ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာကို ခန့်အပ်ထားပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မေလ ၂၉ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။

KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း မေလ ၁၃ ရက်နေ့က အသည်းရောဂါနဲ့ ကွယ်လွန်သွားပြီးတဲ့နောက် မေလ ၁၈ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာကို စစ်ဦးစီးချုပ် ရာထူး တိုးမြှင့်ခန့်အပ်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“မေ ၁၈ ရက်နေ့ကနေ စစ်ဦးစီးချုပ်ရာထူးခန့်လိုက်ပြီ။ သူကလည်း KIA စစ်တပ်မှာပဲ အဓိက နေခဲ့တာပေါ့။ တပ်ရင်းမှူးလည်းလုပ်ခဲ့ပြီ၊ တပ်မဟာမှူးလည်း လုပ်ခဲ့ပြီ။ ထောက်လှမ်းရေးနဲ့ဆိုင်တာတွေလည်း လုပ်ခဲ့ပြီ။ အခု စစ်ဦးစီးချုပ်မလုပ်ခင်မှာလည်း ဒုတိယစစ်ဦးစီးချုပ်တာဝန်ကို တာဝန်ယူနေတာပေါ့။ ပြောရမယ်ဆိုရင် သူလည်း စစ်တပ်ဘက်မှာ အားစိုက်ပြီးလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပေါ့”

ဒုတိယစစ်ဦးစီးချုပ်နေရာကိုတော့ ဗိုလ်ချုပ်မရန်ဇော်တောင်ကို ခန့်အပ်ထားလိုက်ပြီလို့လည်း သူက ဆိုပါတယ်။

အသက် (၆၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာဟာ မန္တလေးတက္ကသိုလ်က ဘွဲ့ရတစ်ဦးဖြစ်ပြီး ကျောင်းဆရာ၊ စာရေးဆရာအဖြစ် ကျင်လည်ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်ဝန်းကျင်မှာ KIA ကို ဝင်ရောက်ခဲ့တာလို့ သူနဲ့ရင်းနှီးသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ တစ်ဖက်ကမ်း ရွှေလီမြစ်တစ်ကြောမှာရှိတဲ့ မံစီမြို့နယ် မံဝိန်းကြီးရွာ ဘက်က KIA ရဲ့ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) နဲ့ တပ်ရင်း (၂၇) နယ်မြေဘက်မှာလည်း အခုရက်ပိုင်း တပ်မဟာ(၁၁) အဖြစ် တပ်မဟာအသစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org