ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ရွာအနီး နန့်ကွေ့ချောင်းတံတားမှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီလောက်က တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေတို့ မြစ်ကြီးနားမြို့နယ် နန်ကျင်ရွာအနီးမှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့စဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ရွာအနီး နန့်ကွေ့ချောင်းတံတားမှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီလောက်က တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်းနဲ့ ထိခိုက်မှုအခြေအနေကိုတော့ မသိရဘူးလို့ မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်အောင်း က ပြောပါတယ်။

"နန်ကျင်ဘက်က နန့်ကွေ့တံတားနားမှာ စောင့်နေတဲ့ တံတားစောင့်တဲ့ ရဲဘော်တွေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီမနက် သုံးနာရီလောက်လို့ ပြောတယ်။ ထိခိုက်သေဆုံးမှု အခြေအနေတော့ မသိရဘူး။ ကေအိုင်အေ ဘက်ကတော့ ရင်း ၁၁ ရဲ့ တပ်တွေကတော့ အဲနားပတ်ဝန်းကျင်မှာ ရှိတယ်။ အခုက ငြိမ်းချမ်းရေးလုပ်တယ်ဆိုမှ နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်တဲ့အခါကျတော့ တခြား မလိုလားအပ်တဲ့နေရာမှာ ဆက်ဖြစ်။ ဆင့်ကာ ဆင့်ကာဖြစ်ပြီးမှ တိုက်ပွဲက ပိုပိုကြီးကျယ်လာတော့ ငြိမ်းချမ်းရေးက အလှမ်းဝေးတယ်။ လူထုကလည်း ကျီးလန့်စာ စားနေရတယ်ပေါ့နော်"

တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးအခြေအနေတွေကြောင့် မိုးကောင်းမြို့နယ် ညောင်တောကျေးရွာက ရွာသားတချို့ဟာလည်း မြို့သစ်ကြီးရွာဘက်ကို ထွက်ပြေးလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကေအိုင်အေနဲ့ တပ်မတော်တို့ လှုပ်ရှားနေကြတဲ့ မြို့ရွာတွေအနီးက အစိုးရလုံခြုံရေးစခန်းတွေကို ကေအိုင်အေက ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေတဲ့အတွက် ဒေသခံတွေအကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ လည်း ရှိနေပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် နမ့်ကွမ်းမှော်နဲ့ ဆမတ်စခန်းကြားမှာ ပိတ်မိနေသူတွေဟာ မနေ့ကအထိ တနိုင်းဘက်ကို အယောက် ၂ ထောင်လောက် ထွက်လာနိုင်ပြီဖြစ်ပါတယ်။ ဒီကနေ့မှာလည်း တဖြည်းဖြည်းချင်းနဲ့ တနိုင်းဘက်ကို ထွက်လာနေတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ်ဒေသဘက်က စစ်ရေးအခြေအနေတွေကြောင့်လည်း လမ်းတံတားတည်ဆောက်ရေး လုပ်သားတွေနဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး စာသင်ကျောင်းတချို့လည်း ပိတ်ထားရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကြောင်းမှာ တံတားအချို့ ဖျက်ဆီးခံရလို့ ကုန်စည်ကူးသန်း သွားလာရေးတွေ ပြတ်တောက်လာလို့ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org