တနိုင်းမှာ ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် တနိုင်းဒေသ ဇီးဖြူကုန်းနဲ့ ညောင်ပင်ကုန်း စတဲ့ ပယင်းမှော်ရွာတွေတဝိုက်မှာ မနေ့က တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။

ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Kan Thar/ RFA

ကချင်ပြည်နယ် တနိုင်းဒေသ ဇီးဖြူကုန်းနဲ့ ညောင်ပင်ကုန်း စတဲ့ ပယင်းမှော်ရွာတွေတဝိုက်မှာ မနေ့က တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ ၂ ယောက်ဟာ တနိုင်း-လီဒိုလမ်းပေါ် ဖားကန့်မြို့နယ် ဝါရာဇွပ်ရွာကဖြစ်တယ်လို့ ဝါရာဇွပ်ရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ဒီကနေ့ ပြောပါတယ်။

"ကျနော်တို့ ဝါရာဇွပ်ကျေးရွာက လူ ၂ ယောက် သေဆုံးသွားတယ်။  ဇီးဖြူကုန်းလို့ ပြောတာပဲ။ ပယင်းမှော်မှာ လာပစ်တော့ အဲဒီမှာ လူနှစ်ယောက်  ထိသွားတယ်။ အဲဒါ နှစ်ယောက်စလုံး က သေဆုံးသွားပြီ။ တစ်ယောက်က မနေ့က  ပွဲချင်းပြီးသေတယ်။ တစ်ယောက်ကျတော့ ဒီမနက် တနိုင်းဆေးရုံအပို့  လမ်းမှာအသက်ထွက်သွားတယ်။ စစ်ကြောင်းလည်း ပြန်ဆက်ပြီးမှ တက်လာပြီဆိုတော့  စိုးရိမ်စရာတွေ အများကြီးရှိလာတာပေါ့"

ကေအိုင်အိုထိန်းချုပ်နယ်မြေက ပယင်းမှော်တွေတဝိုက်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တပ်မတော်က လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့ပြီး ဒီကနေ့မှာလည်း လေကြောင်းစစ်ဆင်ရေးတွေ ပြုလုပ်နေတာကြားနေရ တယ်လို့ တနိုင်းမြို့ခံတွေက ပြောပါတယ်။

တနိုင်းဒေသက မှော်နယ်မြေတဝိုက်မှာ အရပ်သားတွေ မိုင်းနင်းမိမှုတွေကြောင့်အပြင် တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေအတွင်း လက်နက်ထိမှန်မှုတွေကြောင့် မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

တနိုင်းဒေသမှာ အခုရက်ပိုင်းအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က  တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား အပါအဝင် လူ ၁၅ ယောက်၊ ခန့်မှန်း ရွှေအရိုင်း ၈ ပိဿာနဲ့ မော်တော်ယာဉ်တွေကို တနိုင်းမြို့နယ် မှာ ဖမ်းမိခဲ့ကြောင်း တပ်မတော် သတင်းစဉ်က မနေ့က ထုတ်ပြန်ထားပါတယ်။

တနိုင်းဒေသမှာ တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်လို့ နိုင်ငံတော်ရဲ့ သယံဇာတတွေ ဆုံးရှုံးနေတဲ့အတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှာဖြစ်တာကြောင့် အဲဒီဒေသမှာ လုပ်ကိုင်နေသူတွေ ထွက်ခွာကြဖို့နဲ့ မထွက်ခွာသူတွေကို ကေအိုင်အေအဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း တပ်မတော်က ပြီးခဲ့တဲ့နှစ် ဇွန်လက ရဟတ်ယာဉ်ပေါ်ကနေ စာတွေကြဲချပြီး အသိပေးခဲ့ပါတယ်။

အဲဒီလို အသိပေးခဲ့ပြီးနောက်ပိုင်းကစလို့ တပ်မတော်နဲ့ ကေအိုင်အေ အကြား နှစ်ဘက် စစ်ရေးလှုပ်ရှားမှုတွေနဲ့အတူ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ်ရေးတင်းမာမှု နဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသတွေကနေ တနိုင်းမြို့ပေါ်က စစ်ဘေးကယ်ဆယ်ရေးစခန်း ၄ ခုမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးတိမ်းရှောင်လာသူ ၉၀၀ ကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံ စားနပ်ရိက္ခာ နဲ့ အနွေးထည်တွေကို ဒီကနေ့ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org