ချောင်းဦးမြို့နယ် ခင်မွန်ရွာမှာ လက်နက်ကြီးကြောင့် နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ
ခင်မွန်ရွာက အိမ်ခြေ ၁၅၀၀ လောက်ရှိတဲ့ရွာကြီးဖြစ်ပြီး လက်ရှိမှာ နေအိမ် ၁၀ လုံးလောက် မီးရှို့ခံထားရသလို ရွာက ဒေသခံခြောက်ထောင်လောက်လည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-03-03 -
-
-
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ရွာကို စစ်ကောင်စီတပ်က မတ်လ ၃ ရက် ဒီနေ့မှာ လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ်စီးနင်းတာကြောင့် အရပ်သားခြောက်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး အဲဒီအထဲက နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာဘက်ကထွက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ခင်မွန်ရွာကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီး အိမ်တွေပေါ်ကျပြီး လူတွေကိုထိတာ နှစ်ဦး သေတယ်။ ဒဏ်ရရတဲ့အထဲမှာလည်း စိုးရိမ်ရတဲ့လူတွေပါတယ်။ အခုကတော့ ရွာက အကုန်ထွက်ပြေးနေရပြီ”
သေဆုံးသူတွေက အသက် ၆၀ အရွယ် ဒေါ်စမ်းကြည်နဲ့ အသက် ၅၀ အရွယ် ဦးဖိုးမင်းတို့ ဖြစ်ကြပြီး ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့အသက်တွေကိုတော့ မသိရသေးပါဘူး။
ခင်မွန်ရွာက အိမ်ခြေ ၁၅၀၀ လောက်ရှိတဲ့ရွာကြီးဖြစ်ပြီး လက်ရှိမှာ နေအိမ် ၁၀ လုံးလောက် မီးရှို့ခံထားရသလို ရွာက ဒေသခံ ခြောက်ထောင်လောက်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်ကိုင်းတိုင်းထဲက လုံခြုံရေးဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိရှိကြောင်း ပြန်လည်ဖြေဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ရပါတယ်။