ဦးခင်ညွန့် မြရိပ်ညို ဖေါင်ဒေးရှင်း နာယက တာဝန်ယူမည်

မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သတင်းထောက်များနှင့် စကားပြောနေစဉ်။ RFA

မြရိပ်ညို ဖောင်ဒေးရှင်းကို စီးပွားရေး လုပ်ငန်းရှင်နဲ့ အထက်လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်ငွေ သိန်းပေါင်း တစ်သောင်း မတည်ပြီး မနှစ်က အောက်တိုဘာလ အတွင်း တည်ထောင်ခဲ့ပါတယ်။

ဝေးလံခေါင်သီတဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ကျောင်းဆရာ ဆရာမတွေ အလုံအလောက် ခန့်ထားရေး၊ ဆေးရုံ ဆေးခန်းတွေ တည်ထောင်ရေး၊ ပညာသင်ဆု ပေးရေး စတဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ရဲ့ လမ်းညွှန်မှုနဲ့ ဒီဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာလို့ ဦးခင်ရွှေက အာအက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။

မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက အဖြစ် ဦးဆောင်ပေးမှု အတွက် ဦးခင်ရွှေက ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို အမေရိကန် ဒေါ်လာငါးထောင် လစဉ် ချီးမြှင့်သွားမယ်လို့လည်း ဇေကမ္ဘာ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ အခုလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပြီးနောက် နိုင်ငံရေး မလုပ်ဘဲ လူမှုရေးပဲ လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လေ့လာသူ တချို့တော့ ဦးခင်ညွန့်ဟာ နိုင်ငံရေးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်လာလိမ့်မယ် လို့လည်း ထင်ကြေးပေးနေကြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org