မန္တလေး KBZ ဘဏ်ခွဲတွေနဲ့ ဆက်စပ်နေရာတွေ ဖောက်ခွဲခံရ

မန္တလေးမြို့မှာရှိတဲ့ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတွေနဲ့ KBZ ဘဏ်နဲ့ ဆက်စပ်တဲ့နေရာ အနည်းဆုံး ခုနှစ်နေရာမှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ညနေပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

၂၀၂၁၊ အောက်တိုဘာ ၂၇ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မန္တလေးမြို့က KBZ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ် Photo: Citizen Journalist

မန္တလေးမြို့မှာရှိတဲ့ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတွေနဲ့ KBZ ဘဏ်နဲ့ ဆက်စပ်တဲ့နေရာ အနည်းဆုံး ခုနှစ်နေရာမှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ညနေပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ နေရာတွေကတော့ ၆၆ လမ်းနဲ့ သိပ္ပံလမ်းက ဘဏ်ခွဲ၊ ၆၄ လမ်းနဲ့ မနော်ဟရီလမ်းက ဘဏ်ခွဲ၊ ၆၂ လမ်းပေါ် Fuji စျေးဝယ်စင်တာရှေ့က ATM စက်၊ ၈၄ လမ်းနဲ့ ၃၈ လမ်းက ATM စက်၊ ၇၃ လမ်းက ဗောဓိကုန်း ဘဏ်ခွဲ ATM စက်၊ ၆၁ လမ်းနဲ့ သိပ္ပံလမ်းမှာရှိတဲ့ KBZ Call Center ရှေ့က ဘဏ်လုပ်ငန်းသုံးကား၊ ၅၇ လမ်းနဲ့ မနော်ဟရီလမ်းက KBZ ဘဏ် မီးစက်တို့ ဖြစ်ပါတယ်။

KBZ ဘဏ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်သူတွေနဲ့ အလှူရှင်ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေကို စစ်ကောင်စီ ညွှန်ကြားတဲ့အတိုင်း ပိတ်ပစ်တာနဲ့ ဘဏ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ ပေးတာတွေကြောင့် အခုလို ဖောက်ခွဲခံရတာ ဖြစ်နိုင်တယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာနဲ့ ထိခိုက်ပျက်စီးမှု တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့လည်း ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရပြီး ကျပ်ငွေ သိန်း ၃၀၀၀ နီးပါးနဲ့ လက်ကိုင်ဖုန်း ငါးလုံး ပါသွားပါတယ်။

KBZ ဘဏ်အနေနဲ့ စစ်ကောင်စီ ညွှန်ကြားတဲ့အမိန့်ကို နာခံပြီး ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေနဲ့ Kpay အကောင့်တွေကို ဆက်ပိတ်နေပါက KBZ ဘဏ်တွေ အားလုံးကို အရေးယူဒဏ်ခတ်သွားမယ့်အပြင် တာဝန်ရှိသူတွေရဲ့ အသက်အန္တရာယ်ကိုပါ အာမမခံဘူးလို့ မုံရွာမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခုနှစ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org