ကရင်နယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်သွားမယ်လို့ KNU ပြော
ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2024-02-13 -
-
-
ကရင်ပြည်နယ် နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖျန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီတရားမဝင်လုပ်ငန်းတွေကို ရှင်းလင်းမယ့် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း KNU က ပြောထားပါတယ်။
ထုတ်ပြန်ချက်မှာတော့ ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ တိတိကျကျ မပြောထားဘဲ KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ ကျားဖျန့်တွေကိုနှိမ်နင်းဖို့ ထိုင်း၊ တရုတ်နိုင်ငံတွေနဲ့ပူးပေါင်းမယ်လို့ ဇန်နဝါရီလအစောပိုင်းက ပြောခဲ့ပါတယ်။
ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေကနေ စစ်ကောင်စီက တိုက်ရိုက်အကျိုးခံစားခွင့်ရနေတာကြောင့် နောက်ကွယ်ကနေ အကာအကွယ်ပေးပြီး ထောက်ခံနေတယ်လို့လည်း KNU က ထောက်ပြထားပါတယ်။
KNU ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မှာ မြဝတီမြို့နယ်က ရွှေကုက္ကိုမြို့သစ်၊ မယ်ထော်သလေးက KK Park နဲ့ ကျောက်ခက် ကျေးရွာတွေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ကာစီနိုလောင်းကစားရုံတွေရှိနေတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောကြပါတယ်။
အဲဒီနယ်မြေတွေကို နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သူတို့အနေနဲ့ လက်မခံကြောင်း၊ ဒီလုပ်ငန်းတွေ တိုက်ဖျက်နှိမ်နင်းရေးမှာ ပါဝင်ဖို့ထိုင်း-မြန်မာအာဏာပိုင်တွေက ကမ်းလှမ်းလာရင် ပူးပေါင်းသွားမယ်လို့ RFA နဲ့ သီးသန့်မေးမြန်းချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီက ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းဖို့ နှစ်နိုင်ငံ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းထားတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေမှာ ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။