ကယားဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီး အမှုဖွင့်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်ဌေး တို့ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ နဲ့ စွပ်စွဲကာ အမှုဖွင့်ခံထားရပါတယ်။
သူတို့နှစ်ဦးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့မ ရဲစခန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်က တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ ရက် မနေ့က သတင်းထုတ်ပြန် ပါတယ်။
စစ်ကောင်စီက NLD ပါတီရဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ အမတ်တွေနဲ့ ပါတီဝင်တွေကို လိုက်လံ ဖမ်းဆီးတာ၊ စွပ်စွဲ အမှုဖွင့်တာတွေက တရားမဲ့ပြုကျင့်မှုဖြစ်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဝေဖန်လိုက်ပါတယ်။
"ခုလိုအမှုဖွင့်တာတွေကို ပြောရမယ်ဆိုရင် စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် တရားမဲ့ ပြုကျင့်မှုတွေထဲက တစ်ခုပါပဲ"
ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးအောင်ကျော်ဌေး တို့ဟာ နိုင်ငံတော်ပိုင် မြေကွက်လပ်ကို ကုမ္ပဏီ တစ်ခုကို ပေးအပ်တာ၊ ဝန်ထမ်းအိမ်ရာနဲ့ တခြားတည်ဆောက်ရေး လုပ်ငန်းတွေ အတွက် တင်ဒါအောင် ကုမ္ပဏီကနေ ငွေကျပ် သိန်း ၁၁၀ ရယူတာ၊ မြို့တွင်းလမ်း Platform ဆောင်ရွက်တဲ့ တင်ဒါအောင် ကုမ္ပဏီကနေ ၈၂ သိန်း လက်ဆောင်ရယူတယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားကာ သတင်းထုတ်ပြန်ထားပါတယ်။
နောက်ပြီး တင်ဒါခေါ်ယူ ဆောင်ရွက်တာမျိုးမရှိခဲ့တဲ့ လျှပ်စစ်မီး အလှဆင်တာ၊ CCTV တပ်ဆင်တာတွေက နိုင်ငံတော်အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာ နစ်နာတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ငွေကျပ် ၁၀၄၀ သန်းနဲ့ ဝယ်ထားတဲ့ ပြည်နယ်အစိုးရပိုင် စက်ယန္တရား ၁၈ စီးရဲ့ ငှားရမ်းခငွေ ကျပ် ၃၁၁ သန်းကျော်ထဲက ၂၃၄ သန်းကျော်ကို ဌာနဆိုင်ရာ ငွေစာရင်းဆီ ပေးသွင်းတာမရှိဘဲ ဦးအယ်လ်ဖောင်းရှိုက ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာ၊ ကယားပြည်နယ် နေ့ အခမ်းအနား ကျင်းပတဲ့ အစိုးရမြေနေရာ (ကယားဒေးကွင်း) ကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုဆီ မြေငှားရမ်းခွင့်ပြုခဲ့တာဆိုတဲ့ စွပ်စွဲခံထားရတာတွေကိုလည်း ဖော်ပြထား ပါတယ်။
စစ်ကောင်စီက သူတို့နှစ်ဦးကို အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်ပါ ချမှတ်လို့ရတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ နဲ့ အမှုဖွင့်ထားတာပါ။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ NLD အစိုးရအဖွဲ့ဝင်နဲ့ ပါတီဝင် ၇၇၃ ယောက် ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၁၅ ယောက် သေဆုံးခဲ့ရကာ ၅၅၇ ယောက်ကတော့ လက်ရှိအချိန်အထိ အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။