ကယားပြည်နယ်မှာ IEC စာသင်ကျောင်း ၄၅၀ ကျော်ဖွင့်မည်

ကယားပြည်နယ်အတွင်းမှာ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က စာသင်ကျောင်း ၄၅၆ ကျောင်း ဖွင့်လှစ်မယ်လို့ IEC တာဝန်ရှိသူက ပြောပါတယ်။

ကယားပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတစ်ကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဥ်။ Facebook/Karenni Humanitarian Aid Initiative

ကယားပြည်နယ်အတွင်းမှာ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က စာသင်ကျောင်း ၄၅၆ ကျောင်း ဖွင့်လှစ်မယ်လို့ IEC တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့စာသင်နှစ်မှာ ကျောင်းပေါင်း လေးရာဝန်းကျင်ဖွင့်လှစ်ခဲ့ပြီး အခုနှစ်မှာ ကျောင်းပေါင်း ငါးဆယ်ကျော် တိုးချဲ့ဖွင့်လှစ်မှာပါ။

ပြီးခဲ့တဲ့နှစ်က IEC ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူပေါင်း လေးသောင်းဝန်းကျင် တက်ရောက်ခဲ့ပြီး ဒီနှစ်မှာတော့ နောက်ထပ် ခုနစ်ထောင်နီးပါး တိုးလာတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“ဒေသအခြေအနေအပေါ်မှာ မူတည်ပြီး ဖွင့်နိုင်တဲ့ကျောင်းတွေရှိတယ်။ တချို့ကျောင်းတွေကတော့ IEC နဲ့ချိတ်ဆက်မယ်။ ပြောထားပြီး မချိတ်ဆက်လာသေးတာရှိတယ်။ တချို့ကျောင်းတွေကတော့ အခုရက်ပိုင်းမှာပဲ ဖွင့်တာရှိပါတယ်။ အရင်နှစ်ထက် ကျောင်းသားဦးရေရော စာသင်ကျောင်းတွေပါ တိုးချဲ့ဖွင့်လှစ်နေတာ ရှိပါတယ်”

ကယားပြည်နယ် တစ်လေးလုံးစစ်ဆင်ရေးအတွင်း PDF ပူးပေါင်းတပ်တွေက မြို့ရှစ်မြို့ကိုသိမ်းယူခဲ့ပြီး အဲဒီဒေသမှာ ဒေသခံအများစု နေရပ်ပြန်လာတာကြောင့် ကျောင်းသားဦးရေ တိုးလာတာလို့ ကိုဗညားက ပြောပါတယ်။

IEC ကျောင်းတွေမှာ ပညာသင်ကြားပေးမယ့် ဆရာ၊ ဆရာမ ၃၆၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

IEC အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် သင်ထောက်ကူပစ္စည်းနဲ့ စာသင်ကျောင်း လိုအပ်ချက်တွေအတွက် ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org