လွိုင်ကော်တောင်သူတွေကို နောက်တိုးအမှုတွေနဲ့ ထပ်မံတရားစွဲ
ကယားပြည်နယ် လွိုင်ကော်မြို့နယ်က တပ်မတော်ပိုင် မြေနေရာပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူ သုံးဦးကိုလွိုင်ကော်မြို့နယ် တရားရုံးက နောက်တိုးအမှုတွေနဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့ သိရပါတယ်။
-
နေမျိုးထွန်း
2019-11-28 -
-
-
Your browser doesn’t support HTML5 audio
ကယားပြည်နယ် လွိုင်ကော်မြို့နယ်က တပ်မတော်ပိုင် မြေနေရာပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူ သုံးဦးကို လွိုင်ကော်မြို့နယ် တရားရုံးက နောက်တိုးအမှုတွေနဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုပုဒ်မ ၆/၁နဲ့တရားရင်ဆိုင်နေတဲ့ အဲဒီတောင်သူ သုံးဦးကို နိုဝင်ဘာလ ၂၆ ရက်နေ့ ရုံးထုတ်စစ်ဆေးပြီးမှာ နောက်တိုးအမှုအဖြစ် ဆဲရေးတိုင်းထွာမှု၊ ဝတ္တရားနှောင့်ယှက်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ အမှုထပ်ဖွင့်ထားတယ်လို့တရားသူကြီးက ပြောကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးသန်းထိုက်အောင်က ပြောပါတယ်။
“လွိုင်ကော်မြို့နယ် တရားရုံးမှာ တပ်ရင်းမှူး ထျရု ကနေ တရားလိုလုပ်ပြီးမှ ခူးရှာရယ်ပါ သုံးဦးပေါ့၊ အဲဒီပုဒ်မ ၆/၁ နဲ့ တရားစွဲထားတဲ့ သုံးဦးကို တရားသူကြီးကနေမှ မပြန်သေးနဲ့ဦး နောက်ထပ်အမှု ထပ်စွဲထားတာရှိတယ် ဆိုပြီး နောက်ထပ်အမှုတစ်ခု ထပ်ဖွင့်ထားတယ်ပေါ့ဗျာ။ ဆဲဆိုမှုရယ်၊ ဝတ္တရားနှောင့်ယှက်မှုရယ်၊ အကျိုးဖျက် ဆီးမှုရယ်ဆိုပြီး ပြောပြတယ်။ ပြီးတော့မှ နောက်ရုံးချိန်းကို သုံးရက်နေ့ ထပ်ချိန်းလိုက်တယ်”
ဒါ့အပြင် နောက်တိုးအမှုမှာ ဆဲရေးတိုင်းထွာမှု ပုဒ်မ ၂၉၄၊ ဝတ္တတရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ အကျိုးဖျက် ဆီးမှုပုဒ်မ၄၂၇ တို့ ဖြစ်ဖို့သေချာကြောင်းနဲ့ နောက်ရုံးချိန်းမှ ရှေ့နေပါဝါတင်ပြီးရင်တော့ သူအနေနဲ့အသေးစိတ် သိနိုင်မယ်လို့ ပြောပါတယ်။
ထပ်မံတရားစွဲဆိုခံရတဲ့တောင်သူ သုံးဦးကတော့ လွိုင်ကော်မြို့နယ် မြေနီကုန်းရွာက ခူးဦးရယ်၊ ၃ မို ပကြဲရွာက ခူးကိုရယ်စိုးညွန့်နဲ့ ဒေါ့မူကလားရွာက ခူးရှားရယ်တို့ဖြစ်ပြီး လက်ရှိ လွိုင်ကော်အကျဉ်းထောင်ကနေ တရားရင် ဆိုင်နေရတာဖြစ်ပါတယ်။
လက်ရှိ တရားရင်ဆိုင်နေရတဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ၇ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်ပြီး နောက်တိုးစွဲဆိုတဲ့အမှုတွေဖြစ်တဲ့ပုဒ်မ ၃၅၃ အရ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင် ၂ နှစ် ဒါမှမဟုတ်ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သလို အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ ကို ကျူးလွန်ကြောင်း ထင်ရှားပါက ၂ နှစ်အထိဖြစ်စေ ဒါမှမဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ပါတယ်။ ဆဲရေးတိုင်းထွာမှု ပုဒ်မ ၂၉၄ ကတော့ ထောင်ဒဏ် ၃ လ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
အလားတူ တပ်မတော်က သိမ်းဆည်းထားတဲ့ မြေနေရာပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုပြီး ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေးရွာမှာ တောင်သူ ၁၉ ဦးလည်း ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇ အပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ နဲ့ ဒီမော့ဆိုမြို့နယ် တရားရုံးမှာမနေ့က ရုံးထုတ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့က ဒီမော့ဆိုမြို့နယ်တရားရုံးမှာတော့ တရားလိုပြသက်တွေကို ဆက်လက်စစ်ဆေး ခဲ့တာဖြစ်တယ်လို့ ရှေ့နေ ဦးဝင်းထွန်းအောင်က ပြောပါတယ်။
ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ကျပ် ငါးသောင်း ငွေဒဏ်၊ သုံးလထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်ကတော့ အခုလို တောင်သူတွေကို ပုဒ်မတစ်ခုပြီး တစ်ခုထပ်တိုးပြီး တရားစွဲနေတာဟာလုံခြုံမှုကင်းအောင် ခြောက်လှန့်နေတဲ့ ပုစံမျိုး သက်ရောက်နေပြီး ဒေါဆိုရှေးရွာက လူဦးရေးနည်းပါးတာကြောင့် ရွာလုံးကျွတ်နီးပါးလောက် ဖြစ်သွားတယ်လို့ ပြောပါတယ်။
“အခုလို တောင်သူတွေကို ပုဒ်မတွေ တစ်ခုပြီး တစ်ခု ထပ်တိုးတယ်။ ဆိုလိုတာက တောင်သူတွေ စိတ်ဆင်းရဲ မှုရှိအောင် ပြီးတော့ စိတ်လုံခြုံမှုကင်းမဲ့သွားအောင်၊ ကြောက်အောင်လန့်အောင် ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးသက်ရောက်နေတယ်ပေါ့။ တောင်သူတွေကို ဒီလိုတရားစွဲနေတဲ့ အခါကျတော့ နဂိုတည်းက ဒေါဆိုရှေးရွာက လူဦးရေးက နည်းတယ်။ အခုလို တရားစွဲတော့ ရွာလုံးကျွတ်နီးပါးဖြစ်သွားတာပေါ့”
ဒေါဆိုရှေးရွာဟာအိမ်ခြေ ၂၇ လုံးလောက်သာရှိပြီး လူဦးရေ ၁၀၀ နီးပါးလောက်နေထိုင်တဲ့ ရွာဖြစ်တယ်လို့ ခူးတူရယ်က ပြောပါတယ်။
ဒေါ့ဆိုရှေ့ရွာက မြေသိမ်းမှုက အမှတ် ၃၆၀ အမြောက်တပ်နဲ့ သက်ဆိုင်ပြီး ဒေါမူကလား ကျေးရွာအနီးက မြေယာတွေကို အမှတ် ၃၅၆ အမြောက်တပ်နဲ့ အမှတ် ၂၅၀ ခြေမြန်တပ်တို့က ၁၉၉၀ ခုနှစ်လောက်က သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်က မြေသိမ်းခွင့်နဲ့ အရင်က သိမ်းဆည်းထားတဲ့ မြေဧက ၁၀၀၀ ကျော်ရှိပြီး ဒေသခံပြည်သူတွေ တောင်းဆိုမှုကြောင့် ဧက ၅၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်က စွန့်လွှတ်ထားကြောင်းနဲ့ လက်ရှိ အမှတ် ၃၆၀ အမြောက်တပ်မှာ ဧက ၅၀၀ ကျော် ကျန်ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို အောက်တိုဘာလ ၃၁ ရက်နေ့က ပြောဆိုထားပါတယ်။
ဒါ့အပြင်အဲဒီ မြေယာကိစ္စမှာ မရိုးသားမှုတွေရှိကြောင်း၊ တချို့လူတွေဟာ မူလပိုင်ရှင် မဟုတ်တာကြောင့် စွန်လွှတ်ပြီးတဲ့ နယ်မြေကို ဝင်ရောက်ပြီး ကျူးကျော်ရင်တော့ တရားဥပဒေအရ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ခင်မောင်ဝင်းကို RFA က ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အခုသိမ်းဆည်းထားတဲ့ တချို့မြေယာတွေမှာ ပုံစံ ၇ တွေရှိနေတာကြောင့် ဥပဒေနဲ့ မညီကြောင်း၊ ပြည်သူတွေဟာ အစိုးရရဲ့ အကာကွယ်လိုအပ်သလို ဒီမြေယာသိမ်းဆည်းမှုအပေါ်မှာ အစိုးရက နှုတ်ဆိတ်နေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားခွန်အောင်က ပြောပါတယ်။
“အခုသိမ်းလိုက်တဲ့ မြေယာတစ်ချို့မှာ ပုံစံ ၇ တွေရှိထားပြီးသား ဖြစ်နေပြန်ရော။ အဲဒီဟာက ဥပဒေကြောင်း ရလည်း မညီဘူးလို့လည်း မှတ်ချက်ထပ်ပေးချင်တယ်။ နောက်ဆုံးတစ်ခုပြောချင်တာက ပြည်သူလူထုက အစိုးရတွေရဲ့ အကာအကွယ်ကို ကျွန်တော်တို့ လိုအပ်တယ်။ ပြီးတော့ အခြေခံလူ့အခွင့်အရေးတွေ အားကောင်း လာအောင် ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အစိုးရ ဝတ္တရားတွေ အခုချိန်မှာ အစိုးရဘက်က ဝင်ရောက်ဖျန်းဖြေ တာတွေလည်း မရှိဘူး။ နောက် မြေယာသိမ်းဆည်းမှုအပေါ်မှာ တိတ်ဆိတ်နေခြင်းဟာလည်း အစိုးကိုယ်တိုင် မကျူးလွန်ဖြစ်တောင် အားပေးအားမြှောက်ရာ ရောက်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်”
ဒေါဆိုရှေ့ရွာက ဒေသခံတောင်သူတွေကို ဇူလိုင်လမှာ တပ်နယ်မြေ ကျူးကျော်တယ်ဆိုပြီး ထိန်းသိမ်းခဲ့တာပါ။ ဒေါ့မူကလားရွာက ဒေသခံတွေကိုတော့ ဇွန်လမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီးလာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ထပ်မံရုံးထုတ်သွားမှာ ဖြစ်ပါတယ်။