ကော့ကရိတ်တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုရှိ
ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2023-03-26 -
-
-
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ မတ်လ ၂၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
မနက်အစောပိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သလို အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"၅ နာရီ ၃၀ မှာ စဖြစ်တာ။ တစ်မိုင်ကုန်း ရေကူးကန်နေရာရယ်၊ ကော့ကရိတ် တောင်ဘက်ခြမ်းတွေ ဖြစ်တယ်။ ဆက်တိုက်ဖြစ်တယ်။ ၈ နာရီ ၅ မိနစ်မှာ လေယာဉ် လာတယ်။ ၈ နာရီ ၃၇ မိနစ်မှာ မြို့ပတ်လည်နဲ့ တောင်ဘက်ခြမ်းရော မြောက်ဘက်ခြမ်း ရော လာပစ်သွားတယ်"
အသက် ၁၅ နှစ်အရွယ်ကလေးငယ်က ကော့ကရိတ်မြို့ပေါ်က ခရိုင်ဆောက်လုပ်ရေးရုံး နောက်ဘက် သူ့နေအိမ်မှာရှိတုန်း အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်ထိမှန်သေဆုံးခဲ့တာပါ။ အမျိုးသမီးတစ်ဦးကလည်း ချောင်းတောင်ရပ်ကွက်က သူ့အိမ်မှာရှိနေတုန်း လက်နက်ကြီးကျည် ထိမှန်ခဲ့တာဖြစ်ပါတယ်။
မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ ကျုံဒိုးမြို့မှာလည်း ဒီမနက်အထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။
မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်အပါအဝင် သင်္ဃန်းညီနောင်ရဲစခန်း၊ အာရှလမ်းမကြီး၊ ကော့ကရိတ်လမ်းနဲ့ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေကြားမှာ မတ်လ ၂၅ ရက်ကစလို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ မတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာတော့ မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုမှာ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနဲ့ ဒေသခံတစ်ဦး သေဆုံးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော် ဖြစ်ခဲ့ပါတယ်။