ကန့်ဘလူမြို့ ဂါးဂလော်ရွာ ဒုတိယအကြိမ် မီးရှို့ခံရ

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၂၀ လောက် ဒီကနေ့မနက် ၇ နာရီ ဝန်းကျင်လောက်မှာ ရွာထဲဝင်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကန့်ဘလူမြို့နယ် ဂါးဂလော်ရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံရစဉ်။ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဂါးဂလော်ရွာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ဒီကနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဒုတိယ အကြိမ် ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၂၀ လောက် ဒီကနေ့မနက် ၇ နာရီ ဝန်းကျင်လောက်မှာ ရွာထဲဝင်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နေအိမ်တွေကို မီးရှို့နေတုန်းပဲ။ ဘယ်လောက်ပါသွားလဲဆိုတာ အတိအကျတော့ မသိရသေးဘူး။ ဒေသခံတွေက ပထမတစ်ခါ မီးရှို့ခံရပြီးကတည်းက ရွာထဲပြန်မဝင်ကြ သေးတာ။ ရွာအနီးနားမှာပဲနေကြတာ။ အခုထပ်ဝင်လာတော့ ထွက်ပြေးကြရတာ”

ဒီဇင်ဘာလ ၁၇ ရက်ကလည်း အိမ်ခြေ ၁၀၀ နီးပါးလောက်ရှိတဲ့ အဲဒီရွာကို စစ်ကောင်စီ တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်လာပြီး ရွာခံအမျိုးသားသုံးဦးကိုလည်း သတ်ဖြတ်ခဲ့သလို ဖမ်းဆီးခံရတဲ့ အမျိုးသမီးနှစ်ဦးလည်း အခုချိန်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပထမအကြိမ် မီးရှို့ခံရချိန်က ဘုန်းကြီးကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းအပါအဝင် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ခံက ပြောပါတယ်။

အခုဝင်လာတဲ့ စစ်ကြောင်းဟာ လွှဲဆိပ်၊ လက်ခုတ်ကုန်းနဲ့ ဘောရွာ စတဲ့ရွာတွေကို မီးရှို့ခဲ့တဲ့ ခမရ - ၃၆၈ ခြေမြန်တပ်ရင်းကဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း ကန့်ဘလူခရိုင်အတွင်းမှာ ဒေသခံ ၈၁ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်သုံးဦးပါဝင်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သုတသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက် စာရင်းအရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာနေအိမ် ၂၇,၄၉၆ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org