ကမန်လူမျိုး ၇၀၀၀ လောက် မဲပေးခွင့် ဆုံးရှုံးနိုင်ခြေရှိ

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ကမန်လူမျိုး ခုနစ်ထောင်လောက်ဟာ နိုင်ငံသားမှတ် ပုံတင်မရှိတဲ့အတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးနိုင်ကြောင်း ကမန် အမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က မွတ်စလင်တွေကို သန်းခေါင်စာရင်း ကောက်နေစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ကမန်လူမျိုး ခုနစ်ထောင်လောက်ဟာ နိုင်ငံသားမှတ်ပုံတင်မရှိတဲ့အတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးနိုင်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့  ဘာသာရေးပဋိပက္ခတွေမှာ သူတို့ရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေ မီးလောင်ပျက်စီးခဲ့တာကြောင့် အဲဒီလူဦးရေ ၇၀၀၀ လောက်ဟာ မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ရခိုင်ပြည်နယ် ပဋိပက္ခမှာပေါ့ဗျာ မီးထဲပါသွားတယ်လေ၊ လူဦးရေး ခုနှစ်ထောင်လောက်ရှိပါတယ်ခင်ဗျာ၊ ရမ်းဗြဲမှာဆို တစ်ရွာလုံးပေါ့ဗျာ မီးထဲမှာပါသွားကြပါတယ်၊ တချို့က မှတ်ပုံတင် တစ်ပိုင်းပဲကျန်တယ်၊ တချို့ကဘာမှမကျန်ဘူး၊ သံတွဲမှာ သုံးထောင်ကျော်လောက်ရှိပါတယ်၊ မှတ်ပုံတင်ပြီးမဲရွေးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အဲ့ဒါကြောင့် ကျနော်တို့လည်း ရွေးကောက်ပွဲ ဝင် မဝင် ကိုပဲ စောင့်ကြည့်နေတယ်ပေါ့ဗျာ၊ ကျနော်တို့လူတွေ မဲစာရင်းမှာမပါဘဲနဲ့ ကျနော်တို့ ဘာလို့ဝင်မှာလဲ"

ရခိုင်ပြည်နယ် စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူ နဲ့ သံတွဲမြို့နယ်တွေမှာ ကမန်လူမျိုး ၂သောင်းခွဲကျော်လောက် နေထိုင် ကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကမန် လူဦးရေ ၄သောင်းကျော်လောက် ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ နဲ့ ၂၀၁၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကမန်လူမျိုးတွေရဲ့ နေအိမ် တစ်ထောင်နီးပါးလောက် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကမန်လူမျိုးတွေကို  နေရာပြန်လည်ချထားပေးဖို့ နဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်တွေ ပြန် လည်ထုတ်ပေးဖို့အတွက် ကမန်အမျိုးသား တိုးတက်ရေးပါတီဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ လာမယ့် ဇွန်လ ၈ ရက်နေ့ စစ်တွေမြို့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org