ကလေးမြို့နယ်က ဆေးခန်းဗုံးကြဲခံရမှုကြောင့် တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

စော်ဘွားရေရှင်ရွာမှာရှိတဲ့ (NUG) လက်အောက်ခံဆေးခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဒေသခံလေးဦး ဒဏ်ရာရခဲ့ပါတယ်။

ကလေးမြို့နယ်၊ စော်ဘွားရေရှင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအား ၂၀၂၄၊ ဩဂုတ် ၂၇ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စော်ဘွားရေရှင်ရွာမှာရှိတဲ့ (NUG) လက်အောက်ခံဆေးခန်းကို သြဂုတ်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ခံတွေက RFA ကို ပြောပါတယ်။

လတ်တလော တိုက်ပွဲဖြစ်နေတာမရှိဘဲ လေကြောင်းကနေ ပေါင်ငါးရာဗုံးတစ်လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

အဲဒီဆေးခန်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ကနေ ဖွင့်ထားတဲ့ဆေးခန်းဖြစ်ပေမဲ့ ဒေသခံတွေအတွက် ဆေးဝါးနဲ့ ဆေးကုသမှုတွေကို ကာကွယ်ရေးတပ်တွေက စီစဥ်ကုသပေးနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထိခိုက်မှုက ရဲဘော်တစ်ဦး ကျတယ်။ ဒေသခံလေးဦး ထိခိုက်တယ်။ တိုက်ပွဲမရှိဘဲ သတင်းရလို့ လာကြဲတာ။ အဲဒီဆေးခန်းက အနီးအနားက ဒေသခံတွေရော၊ တော်လှန်ရေးအဖွဲ့တွေရော ဆေးကုပေးနေတာပေါ့”

ဗုံးစထိမှန်ဒဏ်ရာရသူတွေကိုတော့ လိုအပ်တဲ့ဆေးကုသမှုတွေ လုပ်ပေးနေတာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

လတ်တလော အခြေအနေအရ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ဧပြီလကလည်း ကလေးမြို့နယ်၊ စော်ဘွားရေရှင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org