ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
အခုရက်ပိုင်းအတွင်း မိုးသည်းထန်နေတာကြောင့် တရုတ်-မြန်မာနယ်စပ် ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ၊ အဆုတ် အအေးမိ ရောဂါတွေ အဖြစ်များလာနေပြီး အရေးပေါ်ဆေးဝါးနဲ့ အာဟာရတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
-
2012-06-27 -
-
-
အဲဒီဒုက္ခသည်စခန်းတွေဟာ အခုလို မိုးရာသီကာလမှာ ရာသီဥတုဒဏ်ကိုခံရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးတစ်ဦး သေဆုံးခဲ့ရကြောင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေကို မကြာခဏ အကူအညီပေးနေတဲ့ အဖြူရောင်တွဲလက်များ အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုဘိုဘိုက RFAကို ပြောပါတယ်။
"အခုနောက်ဆုံး သိရတဲ့ အခြေအနေက မန်ဝိန်းကြီးမှာ ခလေးတစ်ယောက်သေသွားတယ်။ နောက် မိုင်ဂျာယံ အထက်မှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါ၊ ငှက်ဖျားနဲ့ ပတ်သက်တဲ့ရောဂါ၊ နောက် အဆုတ်နဲ့ ပတ်သက်တဲ့ အအေးမိပေါ့ အဲတာတွေ ပါတယ်။ လူကြီးတွေ အာဟာရ ချို့တဲ့တာပေါ့နော်။ အဲတာတွေ ဖြစ်နေတယ်လို့ ကျွန်တော်တို့ သိရတယ်။ မြန်မာနယ်စပ် တလျှောက်မှာရှိတဲ့ Camp တွေ မန်ဝိန်းကြီး၊ ဂျင်လု၊ မနောင်ပါ အဲမှာ မိုးရွာတာ များတယ်။ လူတွေက အစစအရာရာ လိုအပ်ချက်တွေရှိတယ်"
တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်းပေါင်း (၂၂) ခုလောက် ရှိပြီး ဒုက္ခသည်(၁) သောင်းဝန်းကျင် ရှိတယ်လို့ အကူညီပေးရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။