တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်နိုင်ရေး ဆန္ဒပြတောင်းဆို
ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ ဆွမ်ပရာဘွမ် မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေ အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နိုင်ဖို့အတွက် ဒီနေ့ မြစ်ကြီးနားမြို့မှာ ဒေသခံ ၅ ထောင်ခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
-
2018-02-05 -
-
-
ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ ဆွမ်ပရာဘွမ် မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေ အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နိုင်ဖို့အတွက် ဒီနေ့ မြစ်ကြီးနားမြို့မှာ ဒေသခံ ၅ ထောင်ခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တနိုင်းနဲ့ ဆွမ်ပရာဘွမ်ဘက်က ပိတ်မိနေတဲ့ ဒေသခံတွေကို သွားရောက်ကူညီနိုင်ရေးအတွက် ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ စာပေးပို့တောင်းဆိုပေမယ့် အကြောင်းပြန်ကြားတာမျိုး မရှိဘူးလို့ ဆန္ဒပြပွဲ တာဝန်ခံဖြစ်တဲ့ စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ကူညီရေး ကော်မတီ ဥက္ကဌ ဦးဇော်ဂျတ် က ပြောပါတယ်။
"ကျနော်တို့ ပြည်နယ်အစိုးရနဲ့ တိုင်းမှူးကို တင်ထားတာပေါ့။ လုံးဝ မရောက်သေးနိုင်ဘူးခင်ဗျ။ ကယ်ဆယ်ရေး အဖွဲ့ဆို အစိုးရနယ်မြေက သွားရမှာလေ။ သူတို့ အစိုးရနယ်မြေက ခွင့်မပြုဘူးဆို ကျနော်တို့ သွားလို့မှမရတာ။ တိုက်ပွဲဖြစ်ပြီဆို ပြည်သူတွေပဲ ကြားညှပ်ညှပ်နေတာလေ။ အဲဒါနောက်နောင်မဖြစ်အောင် နိုင်ငံတကာကလည်း ဒါမျိုးဖြစ်နေတယ်ဆိုတာ ပုံရိပ်လည်း တစ်ခုရသွားအောင် ကျနော်တို့ လုပ်ရခြင်းဖြစ်ပါတယ်ခင်ဗျ"
ဆန္ဒပြပွဲကို ဘာသာရေးအဖွဲ့တွေ၊ ဒေသခံတွေ၊ IDP တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့ မနောကွင်းကနေ မြို့တစ်ပတ် လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ တနိုင်းဘက်မှာ ပိတ်မိနေသူ ဒေသခံတစ်ထောင်ခန့် ရှိနေသေးပြီး စားဝတ်နေရေး အခက်အခဲ ရှိသလို တကိုယ်ရေသန့်ရှင်းရေးအတွက်လည်း ခက်ခဲနေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ စတင်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆွမ်ပရာဘွမ်ဘက်မှာလည်း ဒေသခံ တစ်ထောင်နီးပါးလောက် ပိတ်မိနေပြီး တောထဲမှာ သွားလာနေ ထိုင်နေကြရတာဖြစ်တဲ့အတွက် အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဦးဇော်ဂျတ်က ပြောပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ NLD အစိုးရအနေနဲ့ ရေငုံနှုတ်ဆိတ်နေနေတာဟာ ပြည်တွင်းစစ်ကို ပိုမိုတွန်း အားပေးနေသလိုဖြစ်နေကြောင်း ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ကူူညီရေး ကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။