ကချင်စစ်ပြေး ဒုက္ခသည် ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင် ဖြန့်ချိ

အပြစ်မဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရိုက်ကူးထားတဲ့ ကချင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ရက်ရက်စက်စက် ဆက်လက် ကျူးလွန်ခြင်းဆိုတဲ့ ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင်တို တစ်ကားကို ထိုင်း အခြေစိုက် ကချင် အမျိုးသမီးအသင်း KWAT က မနေ့က ဖြန့်ချိလိုက်ပါတယ်။

ခြောက်မိနစ်ခွဲကျော် လောက်သာရှိတဲ့ မှတ်တမ်းရုပ်ရှင်တိုမှာ ကချင်ဘာသာနဲ့ ပြောကြားတာတွေကို အင်္ဂလိပ် စာတမ်းထိုး တင်ပြထားတာများပြီး တစ်နေရာမှာတော့ ကချင်အမျိုးသမီးတဦးက သူ့မြေးမလေး ဗုံးဆန်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ အကြောင်း မြန်မာလို ပြောတာကိုလည်း တင်ဆက်ထားပါတယ်။

"အသက်ကကြီးပြီဆိုတော့ သူတို့နောက်ကို ပြေးမလိုက်နိုင်ဘူး။ ကျွန်မက နောက်ပိတ်ဆုံးမှာလေ၊ မပြေးနိုင်ဘူး။ မပြေးနိုင်တော့လို့ ကောက်စိုက်လို့ အပြန်မှာ သူ့ကလေးလေးက တဲမှာသွားကျန်ထားတဲ့ အခါကျတော့ ဟို ကလေးနဲ့ အတူသွားနေမယ်ပေါ့အေး။ ပြီးတာနဲ့ လမ်းမှာ ဒီနားမှာ အိုင်ကလေးမှာ ကျကွဲလိုက်တဲ့အခါကျတော့ အမေရေ ကယ်ပါအုံးနော် လို့ ပြောပြရတာ ရင်နာလိုက်တာ"

KIA ကချင် လွတ်မြောက်ရေးတပ်နဲ့ မြန်မာအစိုးရတို့ ၁၇ နှစ်ကြာ လိုက်နာစောင့်ထိန်းခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက် မနှစ် ဇွန်လက ပျက်ပြားသွားပြီး တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် မနှစ်ကတင် လက်နက်မဲ့ ပြည်သူ အနည်းဆုံး ၇၅၀၀၀ အိုးအိမ်ရပ်ရွာ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အခုရိုက်ကူးတဲ့ ရုပ်ရှင်ကားမှာ လူ့အခွင့်အရေး ချိုေးဖာက်ခံရတဲ့ ကချင်ရွာသူ ရွာသားတွေနဲ့ တွေ့ဆုံ မေးမြန်းထားတာတွေ မီးလောင်ခံရတဲ့ ရွာတွေ စစ်ဘေးကလွတ်ရာ ပြေးရလွှားရတဲ့ အဖြစ်သနစ်တွေကို တင်ပြထားပါတယ်။

ဒီပဋိပက္ခအတွက် နိုင်ငံရေးအဖြေ အမြန်ရှာဖို့ အရေးတကြီး လိုအပ်နေပြီး တရုတ် မြန်မာနယ်စပ် တလျှောက်က မြို့တွေ ရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်နေတာမို့ နေရပ် ရွှေ့ပြောင်းရသူတွေအတွက် လူမှုရေး အကူအညီတွေ ဖြည့်ဆည်းပေးဖို့ လိုအပ်တာကို ရုပ်ရှင်မှာ မီးမောင်းထိုး ရိုက်ကူးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org