စစ်ပြေးဒုက္ခသည် အမျိုးသမီးငယ်များ လူကုန်ကူးခံနေရ
အစိုးရစစ်တပ်နဲ့ KIA ကချင်တပ်တွေအကြား စစ်ရေးတင်းမာမှုကြောင့် ကချင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဒေသခံ ကချင်အမျိုးသမီးငယ်တွေဟာ လူမှောင်ခို ပွဲစားတွေရဲ့ ပစ်မှတ်ထားပြီး တရုတ်ပြည်ဘက်ကို ရောင်းစား ခံနေရတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
-
2012-09-06 -
-
-
လူမှောင်ခို ပွဲစားတွေဟာ စီးပွားရေး ကျပ်တည်းမှု၊ အကြားအမြင် ဗဟုသုတ နည်းပါးမှုတွေအပေါ်မှာ အခွင့်ကောင်းယူပြီး တရုတ်နယ်စပ် ဒုက္ခသည်စခန်းတွေက အမျိုးသမီးငယ်တွေကို တရုတ်ပြည်မှာ သွားရောက် ရောင်းစားနေတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ လိုင်ဇာ အခြေစိုက် ကချင်အမျိုးသမီး အဖွဲ့ (Kachin Women Association) ရဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
လိုင်ဇာမြို့ အခြေစိုက် ကချင်အမျိုးသမီး အဖွဲ့အနေနဲ့ ၂၀၀၆ ခုနှစ်ကနေ ဒီနှစ်အထိ တရုတ်နိုင်ငံထဲကို ရောင်းစားခံရတဲ့ အမျိုးသမီး ၂၉၀ ဦးရဲ့ အရေးကိစ္စတွေကို စုံစမ်းဖော်ထုတ် ကူညီပေးနိုင်ခဲ့ပြီး အခုနှစ် ဇန်နဝါရီကနေ သြဂုတ်လကုန်ထိ လိုင်ဇာ ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခသည်စခန်းအချို့က အမျိုးသမီးငယ် ၉ ဦး လူမှောင်ခို ပွဲစားတွေရဲ့ ရောင်းစားတာ ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ ဒုက္ခသည်စခန်းတွေက အမျိုးသမီးငယ် အများစုဟာ ယူနန်ပြည်နယ်၊ ယင်ကျန်း၊ ထိန်ချုန်း စတဲ့ မြို့တွေမှာရှိတဲ့ ဆင်းရဲသား တရုတ်လယ်သမားတွေနဲ့ အဓမ္မ လက်ထပ်ဖို့ ရောင်းစားခံရတာဖြစ်ပြီး ရောင်းစားမခံရခင်မှာ လူပွဲစားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံကြရတယ်လို့ ကချင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။
မြန်မာအမျိုးသမီး တစ်ယောက်ကို တရုတ် ယွမ်ငွေ တစ်သောင်း ကနေ ငါးသောင်းကြား မြန်မာကျပ်ငွေနဲ့ဆိုရင် ၁၅ သိန်းကနေ သိန်း ၄၀ကြား လူမှောင်ခိုပွဲစားတွေက ရယူ ရောင်းစားနေကြတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။
ကချင်အမျိုးသမီးအဖွဲ့ အနေနဲ့ လူကုန်ကူးခံနေရမှုတွေကို အနည်းအကျဉ်းလောက်ကိုသာ ကူညီ်ပေးနိုင်တာဖြစ်ပြီး လွယ်ဂျယ်၊ မိုင်းဂျားယန်၊ ဆဒုံး၊ ပန်ဝါစတဲ့ နေရာတွေကလည်း အမျိုးသမီးငယ်တွေ နည်းမျိုးစုံနဲ့ ရောင်းစား ခံနေရတယ်လို့ သိရပါတယ်။