ကချင်ပြည်နယ် ကံစီးကျေးရွာက စစ်ဘေးရှောင် ပြည်သူ ၅၀ ကျော် ဖျားနာမှုများရှိ

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်း တွင်းဒေသ၊ လုံးခင်းကျေးရွာမှာ ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၆ အခြေစိုက်ရာ ကံစီးကျေးရွာက ဓမ္မနန္ဒာဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ထဲက ကလေး၊ လူကြီးအယောက် ၅၀ ကျော်ဟာ ဝက်သက်နဲ့ ဖျားနာမှုတွေရှိနေတဲ့အတွက် လုံးခင်းကျေးရွာ NLD ပါတီဝင်တွေက အဲဒီ့ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ပြီး ဆေးဝါးကုသပေးခဲ့သလို အာလူး၊ ကြက်သွန်၊ ငါးခြောက် စတဲ့ တာရှည်ခံ စားသောက် ကုန်အချို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ဘေးကယ်ဆယ်ရေးစခန်းကို ဒီကနေ့သွားရောက် ဆေးဝါးကုသပေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုံခင်းကျေးရွာ NLD ဥက္ကဋ္ဌ ဦးတင်စိုး က RFA ကို အခုလို ပြောပါတယ်။

"တော်တော်များများက နှာစီး၊ ချောင်းဆိုးဖြစ်ကြတယ်၊ တချို့ကျတော့ ဝက်သက်ပေါက်တာတွေ တွေ့ရတယ်၊ ကလေး၊ လူကြီးစုစုပေါင်း ၅၅ ယောက်ကို ဆေးဝါးကုသခဲ့တာရှိတယ်ခင်ဗျ၊ စေတနာရှင်မိဘပြည်သူတွေ လှူဒါန်းထားတဲ့ ဆန်အိတ်တွေက ရာချီပြီးရှိတယ်"

ဒါ့အပြင် အဲဒီကံစီးကျေးရွာမှာရှိတဲ့ ဓမ္မလင်္ကာရကျောင်းနဲ့ ကံစီးတောရကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀ လောက်ကိုလည်း ဓမ္မနန္ဒာဘုန်းတော်ကြီးကျောင်း ဆရာတော်ကနေ တဆင့် လုံးခင်းမြို့နယ် NLD ပါတီဝင်တွေက လှူဒါန်းခဲ့ပါတယ်။

လုံးခင်း၊ မှော်စီစာနဲ့ ကံစီးကျေးရွာတွေက ကယ်ဆယ်ရေးစခန်း ၁၃ ခုမှာ စစ်ဘေးရှောင်ပြည်သူ ၃ ထောင်ကျော်လောက် ဆက်လက်ခိုလှုံနေကြပြီး ဒီရက်ပိုင်းအတွင်းမှာတော့ ပစ်ခတ်တိုက်ခိုက်သံတွေမကြားရပဲ အခြေအနေတည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တဝိုက်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ ဦးလှဆိုင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org