ကချင် စစ်ပြေးဒုက္ခသည် ပိုများလာ
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေရဲ့ အန္တရာယ်ကို စိုးရိမ်ပူပန်တဲ့အတွက် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ရောက်ရှိလာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဒီရက်ပိုင်းအတွင်း ပိုများလာတယ်လို့ သိရပါတယ်။
-
2011-07-30 -
-
-
လွယ်ဂျယ်နဲ့ မိုးမောက် ကားလမ်းအနီးမှာ အခုရက်ပိုင်းအတွင်း KIA နဲ့ မြန်မာအစိုးရတပ်တွေ အကြား အခြေအနေတွေ ပိုပြီး တင်းမာလာနေတဲ့အတွက် အခုလို ထွက်ပြေး တိမ်းရှောင်သွားကြတာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက ခိုလှုံ နေထိုင်ခွင့် ပေးထားပေမယ့် ဒုက္ခသည်စခန်း အဖြစ်တော့ တရားဝင် ဖွင့်ခွင့်မရတဲ့အကြောင်း ဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ “ကချင်လူမျိုးများအတွက် အလင်းရောင်” လို့ အမည်ပေးထားတဲ့ အကူအညီပေးရေးအဖွဲ့က ဒေါ်မေလီအောင်က ပြောပါတယ်။
ဒုက္ခသည်တွေအတွက် အစားအစာ၊ ကျန်းမာရေး အကူအညီ အဓိက လိုအပ်နေပြီး နေရေးထိုင်ရေးလည်း အခက်အခဲ တွေ့နေရတယ်လို့ ဒေါ်မေလီအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မြန်မာ အစိုးရတပ်တွေနဲ့ KIA ကချင်လွတ်မြောက်ရေးအဖွဲ့ အကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထောင်နဲ့ချီတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေ တရုတ်-မြန်မာ နယ်စပ်ကို ထွက်ပြေးခဲ့ကြပါတယ်။
အခု ထပ်မံ တိမ်းရှောင်လာသူတွေဟာ လွယ်ဂျယ်- မိုးမောက်-ဗန်းမော် ကားလမ်းအနီးက ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။