မြစ်ဆုံစီမံကိန်း ဆက်လက် ရပ်ဆိုင်းသင့်ကြောင်း ကချင်ဝန်ကြီး ပြော

ဧရာဝတီမြစ်ဆုံစီမံကိန်းကို လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက် ရပ်ဆိုင်း ထားသင့်တယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြော ပါတယ်။

ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ဧရာဝတီမြစ်ဆုံစီမံကိန်းကို လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်လက်ရပ်ဆိုင်း ထားသင့်တယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုအပါအဝင် သဘာဝဘေးအန္တရယ်တွေဖြစ်လာနိုင်တဲ့အတွက် မြစ်ဆုံ စီမံကိန်းကို ဆက်လက်ပြီး ရပ်ဆိုင်းထာသင့်ကြောင်း ပြည်နယ်လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းမောင်ရွှေက RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ အခုလို ပြောလိုက်ပါတယ်။

"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့သဘောထားကတော့ မလုပ်တာပဲ ကောင်းပါတယ်၊ အန္တရာယ်ရှိတာပေါ့လေ၊ ငလျင်လှုပ်တာတို့ ဘာတို့ဖြစ်ခဲ့ရင်၊ ကျနော့်အနေနဲ့ကတော့ မလုပ်စေချင်ဘူး၊ အစိုးရသစ်နဲ့ ပတ်သက်လို့လည်း ဒီတိုင်းပဲဖြစ်မှာပါ၊ လူထုဆန္ဒအရပဲ ကျနော်တို့က လိုက်လျောမယ့် အပိုင်းပေါ့လေ၊ လူထုက လုပ်ဆိုလည်း လုပ်ပေါ့လေ၊ မလုပ်ဖို့ဆိုလည်း ဒီတိုင်းပါပဲ၊ လူထုဆန္ဒ သဘောထားတိုင်းပါပဲ"

ကချင်ပြည်နယ်မှာ လျှပ်စစ်ကဏ္ဍအတွက် ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ၂၀၁၄-၂၀၁၅ မှာ ငွေကျပ် ၁၄ ဘီလျံ ကျော်နဲ့ ဒီနှစ် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၂၆ ဘီလျံ စုစုပေါင်း ကျပ် ဘီလျံ ၄၀ ကျော်ကို သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ မြစ်ကြီးနားခရိုင်အတွင်းက  ၉၉ မဂ္ဂါဝပ်ထွက်ရှိတဲ့ ချီဖွေငယ်၊ ဗန်မော်ခရိုင် အတွင်းက ၂၄၀ မဂ္ဂါဝပ် ထွက်ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ် စီမံကိန်းတွေကနေ ကချင်ပြည်နယ်အတွင်း လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ပြည်နယ်အတွင်း တစ်ရက် လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၀ ကျော်ရှိတယ် လို့လည်း ပြောပါတယ်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမယ့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ သူ့ရဲ့အစိုးရ သက်တမ်း ကာလအတွင်း ယာယီ ဆိုင်းငံ့ထားပါတယ်။

ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org