ရေဘေးကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၁၃ ဦး ရှိလာ

ရေကြီးရေလျှံမှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် လဲကျခဲ့သည့် သစ်ပင်များအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ရှင်းလင်းဆောင်ရွက်နေစဉ်။ Myanmar Fire Services Department

ရေကြီးရေလျှံမှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရာဂီမုန်တိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်ကြောင့် မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့ အခြေအနေကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုရာမှာ သေဆုံးဒဏ်ရာရသူ အရေအတွက်ကို ထည့်သွင်းပြောဆိုခဲ့တာပါ။ ပျောက်ဆုံနေသူတွေကို ကြိုးစားရှာ‌ဖွေနေတယ်လို့ ဆိုပါတယ်။

တောင်ငူဒေသက ဇရပ်ကြီး အနောက်ဘက် ရွာတွေမှာ စက်တင်ဘာ ၁၄ ရက်နေ့က ရေ‌ဘေးကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေစီးနဲ့မျောပါ ပျောက်ဆုံးခဲ့တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

နေပြည်တော်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ကြောင်း စစ်ကောင်စီက ပြောထားပါတယ်။

ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေ ပြန်လည်ထူထောင်းရေး လုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ရေဘေးကြောင့် နေအိမ် ခုနစ်သောင်း သုံးထောင်နီးပါး (၇၂၉၀၀‌ ကျော်)၊ အိမ်ထောင်စု ခုနစ်သောင်းရှစ်ထောင်ကျော်၊ လူဦးရေ သုံးသိန်းနှစ်သောင်ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org