စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှု တားဆီးဖို့ Fortify Rights အဖွဲ့ တောင်းဆို

မြန်မာနိုင်ငံက အရပ်သားပြည်သူတွေကို တိုက်ခိုက်နေမှုအပေါ် တားဆီးနိုင်ဖို့ စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူပေးဖို့အတွက် Fortify Rights က တောင်းဆိုပါတယ်။

တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။ Myanmar Military

မြန်မာနိုင်ငံက အရပ်သားပြည်သူတွေကို တိုက်ခိုက်နေမှုအပေါ် တားဆီးနိုင်ဖို့ စစ်ကောင်စီထံ လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်တင်ပို့မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အလျင်အမြန်ပိတ်ဆို့ အရေးယူပေးဖို့အတွက် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။

စစ်ကောင်စီဟာ ပြစ်ဒဏ်ခံရခြင်းကနေ ကင်းလွတ်နေတဲ့အပြင် ဂျက်တိုက်လေယာဉ်တွေနဲ့ အရပ်သားတွေ တိုက်ခိုက်ခံနေရတာကိုလည်း တစ်ကမ္ဘာလုံးက နှုတ်ဆိတ်နေတယ်လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

“စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်နေ တာတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုလသမဂ္ဂအနေနဲ့ကတော့ ကြည့်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အာဏာရှင်တွေရဲ့ အကြမ်းဖက် အုပ်စိုးမှုကို ဆက်လက်တည်မြဲစေနိုင်တဲ့ လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်သွင်း၊ စီးဆင်းမှုတွေကို ပိတ်ပင်ဖို့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သလို လုပ်လည်းလုပ်ဆောင်သင့်ပါတယ်”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိရွာအနီးက ဘန်ကောက်စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးခြောက်ဦးအပါဝင် ကိုးဦးသေဆုံးပြီး နောက်ထပ် စစ်ဘေးဒုက္ခသည် ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူပေါင်းခြောက်ရာကျော် နေထိုင်တဲ့ အဲဒီစခန်းမှာ တဲ ၄၉ လုံးနဲ့ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးသွား တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အပါအဝင် အစိုးရတစ်ခုချင်းစီက လေယာဉ်လောင်စာဆီရောင်းချမှုနဲ့ ထောက်ပံ့မှုတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကြားကပဲ စစ်ကောင်စီက လေတပ်ကိုသုံးပြီး အရပ်သားတွေကို တိုက်ခိုက်ဖို့ အသုံးပြုနေတဲ့ လေယာဉ်လောင်စာဆီ ပုံမှန်ထောက်ပံ့မှုကို ဆက်လက်ထိန်းထားနိုင်နေတယ်လို့လည်းဆိုပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ၁၅ လအတွင်းမှာ စစ်ကောင်စီဟာ ကလေး ၃၃၄ ဦး အပါအဝင် အရပ်သား ၂၄၁၄ ဦးထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာကို ကိုးကားပြီး Fortify Rights က ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org