အပစ်အခတ်ရပ်စဲထားပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ ရှိခဲ့
မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၄ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ ကိုမှတ်တမ်းတင်နိုင်ခဲ့ပြီး ဧပြီ ၂ရက် အပစ်အခတ်ရပ်စဲပြီးနောက်မှာ ၆၅ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2025-04-28 -
-
-
စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် ဒေသအများအပြားမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ ရှိခဲ့တယ်လို့ ဗြိတိန်အခြေစိုက် လွတ်လပ်တဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ Centre for Information Resilience (CIR) ရဲ့ Myanmar Witness က ဧပြီ ၂၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြောင့် နေအိမ်တွေ နဲ့ အခြေခံအဆောက်အအုံတွေ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လူပေါင်း နှစ်သန်းကျော် ထိခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီက သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးနောက် မြန်မာနိုင်ငံက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဒေသတွေမှာ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၃၁ ရက်ကနေ ဧပြီ ၆ ရက်ကြား ခုနှစ်ရက်ကြာ ဝမ်းနည်းခြင်းကာလမှာတင် စစ်ကောင်ီစက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၄ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ ကိုမှတ်တမ်းတင်နိုင်ခဲ့ပြီး ဧပြီ ၂ရက် အပစ်အခတ်ရပ်စဲပြီးနောက်မှာ ၆၅ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုင်း နဲ့ ပြည်နယ် ၁၂ ခုမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မြို့နယ် ၅၁ မြို့နယ် ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
မှတ်တမ်းတွေအရ ဖြစ်ပွားမှုအများဆုံး ပြည်နယ်တွေဟာ စစ်ကိုင်းတိုင်းမှာ (၂၄) ခု၊ မန္တလေးတိုင်း (၁၄) ခု၊ ချင်းပြည်နယ် နဲ့ ကရင်ပြည်မှာ (၈) ခု ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အပစ်အခတ်ရပ်စဲကြောင်း မကြေညာမီ မတ် ၃၁ နဲ့ ဧပြီလ ၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း အင်းတော်မြို့က ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်ခံရပြီး တစ်ရက်တည်းမှာဘဲ လွိုင်ကော်က ကျေးရွာတစ်ရွာတိုက်ခိုက် ခံခဲ့ရကြောင်း၊ ဧပြီလ ၉ ရက်နေ့မှာလည်း စစ်ကိုင်း နဲ့ ချင်းပြည်နယ်မှာ သီးခြား လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ရှိခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး နဲ့ ကလေးတွေအပါအဝင် လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တွေ့ရှိချက်တွေအရ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ် စစ်ကောင်စီရဲ့ ရိုးသားမှု လေးနက်မှုအပေါ် သံသယတွေ တိုးပွားစေပြီး၊ လူမှုအသိုင်းအဝန်းတွေ အလွန်ထိခိုက်လွယ်တဲ့ အချိန်မှာ အရပ်သားပြည်သူတွေရဲ့ဘဝတွေကို လုံးဝဂရုမစိုက်ကြောင်း မီးမောင်းထိုးပြနေတယ်လို့ Myanmar Witness ဒါရိုက်တာ Robert Dolan က ပြောပါတယ်။
ဗြိတိန် နိုင်ငံခြားရေး နဲ့ ဓနသဟာယ ဖွံ့ဖြိုရေးဌာန (FCDO) ပြောခွင့်ရသူကလည်း အပစ်အခတ်ရပ်စဲရေးကာလ နဲ့ နိုင်ငံလုံးဆိုင်ရာ ဘေးအန္တရာယ်ကျနေတဲ့ ကာလမှာ စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေတဲ့ အထောက်အထားတွေ တွေ့ရတော့ အရမ်းအံ့ဩမိပါတယ်။ အရပ်သားတွေကို တိုက်ခိုက်မှုအားလုံး အခုချက်ချင်း ရပ်တန့်ရမယ် လို့ ပြောပါတယ်။ အရပ်သားတွေကို ကာကွယ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အတားအဆီးမရှိ ဝင်ရောက်နိုင်ဖို့ နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ လည်း စစ်ကောင်စီကို ထပ်မံတောင်းဆိုကြောင်းလည်း ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ ငလျင်နဲ့ဆက်နွယ်တဲ့ ဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ချင်း၊ ကယား နဲ့ စစ်ကိုင်း ဒေသတွေမှာ အင်တာနက်အသုံးပြုခွင့် ပြင်းပြင်းထန်ထန်ကန့်သတ်ထားကြောင်း၊ ဒီ ကန့်သတ်မှုတွေကြောင့် မြေပြင်သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာရရှိဖို့ အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။ Myanmar Witness အနေနဲ့ အခြေအနေတွေကို ဆက်လက် စောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။