သပိတ်ကျင်းက လက်ကျန်တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်
သပိတ်ကျင်းမြို့နယ်ထဲက လက်ကျန်တပ်စခန်း သုံးခုဖြစ်တဲ့ ၇ မိုင်၊ ကျောက်ကြီးနဲ့ တကက-၁၃ တို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-11-14 -
-
-
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက လက်ကျန်တပ်စခန်း သုံးခုဖြစ်တဲ့ ၇ မိုင်၊ ကျောက်ကြီးနဲ့ တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၃) တို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မိုးကုတ်-သပိတ်ကျင်း လမ်းပေါ်က ခလရ - ၁၄၈နဲ့ ဖော့တောလမ်းဆုံတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်စခန်း အခိုင်အမာရှိတဲ့ တွင်းငယ်ရွာကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
သပိတ်ကျင်း ဒေသခံတစ်ဦးကတော့ တွင်းငယ်ရွာကို မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းယူထားပေမဲ့ ရွာနားက တပ်စခန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
“တွင်းငယ်ဘက် တတက - ၁၃ ကို တိုက်နေတာဆို တော်တော်ကြာနေပြီ။ ကျွန်တော်တို့က အဲဒီနားတင် နေတာဆိုတော့ မသိမ်းနိုင်မချင်း မပြန်ရသေးပါဘူး။ တချို့တွေလည်း တိုက်ပွဲဖြစ်ချိန် ခဏရှောင်ပြီးနောက် ပြန်ကြတယ်”
သပိတ်ကျင်းမြို့နယ်က နှစ်ဖက်တိုက်ပွဲ ပြင်းထန်တဲ့ နေရာတစ်ဝိုက်က ဒေသခံ လေးရာကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သပိတ်ကျင်းမြို့ကိုတော့ သြဂုတ်လ ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ဆက်တိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။