၂၁ ရာစု ပင်လုံအတွက် အကြိုညှိုနှိုင်းမှုတွေမှာ မပြေလည်မှုတွေ ရှိနေဆဲ
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံမှာ ထည့်သွင်းချုပ်ဆိုမယ့်၊ ပြည်ထောင်စု သဘောတူ ညီချက် အစိတ်အပိုင်း ၃ ပါ ဖက်ဒရယ်မူဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အကြိတ်အနယ် ဆွေးနွေးနေရဆဲ ဖြစ်ပြီး၊ သဘောတူညီချက် မရသေးတဲ့အတွက် JICM အကြို ညှိနှိုင်းအစည်းအဝေးကို တစ်ရက်ထပ်တိုးကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
သီဟထွန်း
2020-08-11 -
-
-
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံမှာ ထည့်သွင်းချုပ်ဆိုမယ့်၊ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ ပါ ဖက်ဒရယ်မူဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အကြိတ်အနယ် ဆွေးနွေးနေရဆဲဖြစ်ပြီး၊ သဘောတူညီချက် မရသေးတဲ့အတွက် JICM အကြို ညှိနှိုင်းအစည်း အဝေးကို တစ်ရက်ထပ်တိုးကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အကြိုဆွေးနွေးပွဲ ဒုတိယ မြောက်နေ့ကို၊ ဒီနေ့ နေပြည်တော် NRPC ရုံးမှာ ဆက်လက်ကျင်းပခဲ့ပြီး၊ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းပိုင်းမှာ သဘောတူညီချက် မရခဲ့ဘဲ မနက်ဖြန်တစ်ရက် ထပ်ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဆွေးနွေးပွဲမှာပါဝင်တဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး ပူးပေါင်းကော်မတီ UPDJC” အဖွဲ့ဝင်၊ ငြိမ်ချမ်းရေး ကော်မရှင် အကြံပေး ဦးလှမောင်ရွှေက၊ ပင်လုံမှာချုပ်ဆိုမယ့် စာချုပ်ထဲမှာ ပြည့်ပြည့်စုံစုံ ပါဝင်စေချင်တဲ့အတွက် အကျေအလည် ညှိုနှိုင်းရတာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။
“ဒီ NCA အကောင်အထည်ဖော်ရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ဆိုတာရှိတယ်။ NCA applimentation Framework Agreements ပေါ့၊ အဲဒီမှာ အရင်က ၁၃ ချက်၊ နောက်တစ်ခုထပ်ရတော့ ၁၄ ချက်၊ မနေ့က တစ်ချက် ထပ်ရတယ် ၁၅ ချက် အဲဒီသဘောပေါ့၊ ကျတော်တို့က တတ်နိုင်သလောက် ရလဒ်တွေထဲမှာ ပိုပြီးတော့ ဖြစ်စေချင်တာပေါ့လေ၊ အဲဒီတော့ အပိုင်းတစ်ကတော့ လောလောဆယ်မှာ ဆွေးနွေးဖို့အချက်က မကျန်တော့ဘူးပေါ့၊ အပိုင်း ၂ က နှစ်ဖက်သဘောတူထားတဲ့ ဇယားတစ်ခုရှိတယ်။ ဆက်တော့ ဆွေးနွေးရမယ့် ဟာတော့ရှိတယ်။ အခုမပြီးပြတ်ရင်လည်း နောင်သောအခါမှာ ဆက်လက်ဆွေးနွေးရန်ဆိုတဲ့ သဘောလည်း ယူသွားရမယ့် အနေအထားရှိတယ်။ အခု မနေ့ကနဲ့ ဒီနေ့ ဆွေးနွေးနေတာကတော့ အပိုင်း ၃ ပေါ့၊ ဖက်ဒရယ် (Principles ) အခြေခံမူတွေနဲ့ ပတ်သက်တဲ့ဟာတွေကို ဆွေးနွေးနေတယ်၊ နှစ်ဖက်တချို့ဟာတွေကတော့ သဘောထားအားဖြင့်တော့ တူပေမယ့်လို့ စကားလုံးရွေးချယ်မှုတွေ ဘာတွေမှာလည်း ဆောင်ရွက်ရမယ့် လုပ်ငန်းရှိတယ်”
သြဂုတ်လ ၁၃ ရက်နေ့ နေပြည်တော် MICC 1 မှာ ကျင်းပမယ့် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်မယ့် ၉ ကြိမ်မြောက် JICM အစည်းအဝေး မတိုင်ခင်မှာ၊ နှစ်ဖက် ကိုယ်စားလှယ်တွေက ကြိုတင်သဘောတူညီချက်တွေရဖို့ အကြိတ်အနယ် ဆွေးနွေးနေတာဖြစ်ပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်တွေ ကို၊ NLD အစိုးရလက်ထက် နောက်ဆုံးအကြိမ် ကျင်းပမယ့် စတုတ္ထအကြိမ် ပင်လုံအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ်မှာ ထည့်သွင်းသွားမှာဖြစ်ပြီး၊ ညှိုနှိုင်းလို့ မရသေးတဲ့အချက်တွေကိုတော့ ၂၀၂၀ အလွန်မှာ ဆက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။
၂၀၂၀ အလွန် နောက်အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးဖို့ သဘောတူထားတဲ့ အချက်တွေထဲမှာ၊ တပ်နေရာ ချထားရေးနဲ့ ဆိုင်တဲ့ကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ DDR/ SSR ကိစ္စတွေ ပါဝင်ပါတယ်။
တပ်ပိုင်းဆိုင်ရာစ္စကတော့၊ နိုင်ငံရေးသဘောတူညီချက်တွေ အပေါ်မှာလည်း အဓိက မူတည်နေတဲ့အတွက် ဆက်မဆွေးနွေးသေးဘဲ၊ နောက်ပိုင်းမှာသာ ဆက်ညှိုနှိုင်းဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ တတိယအကြိမ် ပင်လုံညီလာခံ မတိုင်ခင်ကလည်း တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ တစ်ခုတည်းသောတပ်မတော် စတဲ့ အပိုင်းတွေမှာ ညှိုနှိုင်းလို့ မရခဲ့တဲ့အတွက် နောက်ဆွေးနွေးပွဲတွေမှသာ ဆက်လက်ညှိုနှိုင်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MIPS အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက၊ လာမယ့် ပင်လုံညီလာခံမှာ သိသာထင်ရှားတဲ့ သဘောတူညီချက် ကြီးကြီးမားမားရမယ်လို့ မယူဆကြောင်း သူ့အမြင်ကို ပြောပါတယ်။
“၂၀၂၀ နောက်ပိုင်း ဘာလုပ်မလဲဆိုတာက ဆွေးနွေးနိုင်ရင်တော့ ကောင်းတယ်။ ဒါပေမဲ့ ကျတော့် အမြင်ကတော့ ဒီဆွေးနွေးပွဲမှာ ၂၀၂၀ နောက်ပိုင်း ဘာလုပ်မလဲဆိုတဲ့ဟာ တိတိကျကျ ထွက်လာဖို့ကတော့ မလွယ်ဘူး။ အလွန်ဆုံး သူတို့လုပ်နိုင်ရင် ခေါင်းစဉ်လောက်ပဲ ဖော်နိုင်လိမ့်မယ်။ ဖက်ဒရယ်အခြေခံမူကတော့ တချို့ အချက်လေးတွေကတော့ ရနိုင်တယ်။ ဒါပေမဲ့ ဖက်ဒရယ် အခြေခံမူ အားလုံးကို ခြုံငုံမိလားဆိုတော့ ခြုံငုံမိမှာတော့ မဟုတ်ဘူး။ အဲတော့ ချုပ်ပြောလိုက်မယ်ဆိုရင်တော့ လာမယ့် ပင်လုံမှာ ထွက်လာမယ့် ရလဒ်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ကိုဆက်လက်ပြီး သွားနေပါတယ်။ နောက်အစိုးရလက်ထက်အထိ ဆက်သွားပါတယ်ဆိုတဲ့ သဏ္ဍန်ဆောင်တဲ့ အနေအထားလောက်ကိုပဲ လုပ်လို့ရလိမ့်မယ်။ ဟို ထင်ထင်ရှားရှား သဘောတူညီချက်ကြီးတွေ ထွက်ဖို့တော့ မလွယ်ဘူး”
ဒီနေ့ အစည်းအဝေး ဒုတိယမြောက်နေ့အထိ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက် ရရှိထားတယ်လို့ သိရပေမယ့်၊ ဘယ်လိုအချက်တွေ ပါဝင်တယ်တော့ မသိရသေးပါဘူး။
မနေ့က ဆွေးနွေးပွဲ ပထမနေ့မှာ NRPC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၄ ချက်ရရှိခဲ့တယ်၊ ၂၀၂၀ အလွန် အစိုးရသစ် လက်ထက်မှာ ဆက်လက်ဆွေးနွေးမယ့် ကိစ္စတွေအတွက် ခေါင်းစဉ် ၈ ခုကို သဘောတူထားတယ်၊ ခုဆက်ပြီး ညှိုနှိုင်းမယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းညွှန်ချက် ၂ ခုကို သဘောတူထားပြီးဖြစ်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ညှိုနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းကလည်း JICM အကြို ညှိုနှိုင်းဆွေးနွေးပွဲတွေက ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တိုင်းရင်းသား ပြည်သူအားလုံးအတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ မနေ့က အဖွင့် မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
“နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ညှိနှိုင်းလို့ မပြီးပြတ်သေးတဲ့ အကြောင်းအရာတွေကို ဆက်လက်ညှိနှိုင်းသွား မှာဖြစ်သလို ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း ၃ ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနဲ့ ၉ ကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင် မှုများကို ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ဒီနေ့ အစည်းအဝေးဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် အလွန်အအရေးပါသလို ပြည်သူလူထု တစ်ရပ်လုံးအတွက်လည်း အရေးကြီးတဲ့ အစည်းအဝေး ဖြစ်လို့ JICM အစည်းအဝေး ကျင်းပနိုင်ရေး ကောင်းမွန်တဲ့ ဆွေးနွေးပြင်ဆင်မှုတွေ အစီအစဉ်တွေ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်”
တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က၊ အစိုးရနဲ့ မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖို့အတွက်၊ မကျေလည် သေးတဲ့ အချက်တွေကို ဒီနေ့ညနေပိုင်း PPST အစည်းအဝေးမှာ ဆက်လက်ညှိုနှိုင်းခဲ့ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကြားထဲမှာလည်း၊ တိုင်းရင်းသားတွေလိုချင်တဲ့ အချက်တွေကိုထည့်ဖို့ ကြိုးစားရမယ်ဆိုတဲ့ အဖွဲ့တစ်ချို့ရှိသလို၊ လက်ရှိ NLD အစိုးရလက်ထက်မှာ ဆွေးနွေးနိုင် သလောက် ရနိုင်သလောက်ပဲ ထည့်သွင်းဆွေးနွေးရင်၊ ငြိမ်းချမ်းရေးရှေ့ဆက်ဖို့ ပိုသင့်တော်မယ်လို့ ယူဆတဲ့အဖွဲ့ တွေ ရှိနေတယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။