မြန်မာကြံ ကျင်စန်းကျော့ဂိတ်ကနေ တရုတ်ဘက် ပြန်ပို့ခွင့်ရနေ
တရုတ်ဘက်မှာ ကြံစျေးနှုန်းမတက်ပေမယ့် မြန်မာငွေကျပ်တန်ဖိုး ကျနေတာကြောင့် စျေးကောင်းရတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
-
RFA Burmese
2022-12-11 -
-
-
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ကနေ မြန်မာဘက်က ကြံတွေကို တရုတ်ဘက် ပြန်ပို့လို့ ရနေပြီး တရုတ်ဘက်မှာ ကြံစျေးနှုန်းမတက်ပေမယ့် မြန်မာငွေကျပ်တန်ဖိုး ကျနေတာကြောင့် စျေးကောင်းရတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး တရုတ်နိုင်ငံဘက်ကို ကြံတွေစပို့နေတာလို့ ကြံလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
၂၀၂၁ ခုနှစ်က ကျင်စန်းကျော့ဂိတ်ကနေ မေလလောက်ရောက်မှ ကြံတင်ပို့ခွင့်ရပေမယ့် အခုနှစ်မှာတော့ ဒီဇင်ဘာလကစပြီး ပို့ခွင့်ရတာလို့ ကြံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနှစ်ကဆိုရင် ကျင်စန်းကျော့ဂိတ်ကနေ မေလ ၁၅ ရက်ကနေ ဇွန်လကုန်အထိပဲ ပို့ခွင့်ရတာ။ တစ်လလောက်ပဲ ပို့ခွင့်ရခဲ့တာပေါ့။ အခုက စောစာပြန်ပို့လို့ရတယ်။ တကယ်တော့ ဒီရာသီက ကြံထွက်လာတဲ့ ရာသီဖြစ်တာကြောင့် ဒီဇင်ဘာလထဲပို့တာက ကြံစိုက်လုပ်ငန်းလုပ်သူတွေအတွက် အဆင်ပြေတယ်။ ကျင်စန်းကျော့ကနေ တစ်ရက်ကို ၁၅ စီးကန အစီး ၂၀ ကြား တရုတ်ဘက်ကိုသွားပါတယ်”
မြန်မာဘက်က တင်ပို့မယ့်ကြံတွေကို တရုတ်အာဏာပိုင်တွေက A1 ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဝင်ပေါက်ကနေပဲ တင်ပို့ခွင့်ပြုထားပြီး ကြံတစ်တန်ကို တရုတ်ယွမ် ၃၉၀ နဲ့ ၄၀၀၊ မြန်မာကျပ်ငွေ ၁၅၀,၀၀၀ နီးပါးရတယ်လို့ သူက ဆက်ပြောပါတယ်။
ကြံတင်ပို့တဲ့ကားတစ်စီးကို တန်ချိန် ၂၀ ကနေ ၃၀ အကြားရှိပြီး တရုတ်ဘက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တာနဲ့ ပတ်သက်လို့ အခုထက်ပိုပြီး ဖြေလျှော့မှုတွေလုပ်လာရင် တင်ပို့မှုတွေ မြန်ဆန်လာနိုင်တယ်လို့ ကြံလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကန ဧပြီလကုန်အထိ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ဂိတ်တွေကနေ ကြံတန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ သကြားနဲ့ ကြံထွက်ပစ္စည်း လုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားပါတယ်။