ထောက်လှမ်း စောင့်ကြည့်နည်းပညာ စစ်အုပ်စုထံရောင်းချခဲ့တဲ့ Compelson ကုမ္ပဏီကို အရေးယူဖို့ ချက်နိုင်ငံအစိုးရကို JFM တောင်းဆို

ဒစ်ဂျစ်တယ် မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson ဟာ MOBILedit Forensic Pro Software ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ရောင်းချထားကြောင်း သက်သေရရှိထားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းနည်းပညာ စစ်အုပ်စုထံ ရောင်းချခဲ့တဲ့ ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့အခြေစိုက် Compelson s.r.o ကုမ္ပဏီကို အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar အဖွဲ့က ချက်နိုင်ငံ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒစ်ဂျစ်တယ် မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson ဟာ MOBILedit Forensic Pro Software ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ရောင်းချထားကြောင်း သက်သေရရှိထားတယ်လို့ ဆိုပါတယ်။

ဒီ ဆော့ဝဲလ်ဟာ လုံခြုံရေးအကာကွယ်တွေကို ဖြတ်ကျော်နိုင်သလို၊ လုံခြုံတဲ့ ဆက်သွယ်ပြောဆိုမှု အက်ပလီကေးရှင်းတွေက ဖျက်ပြီးသား အချက်အလက်တွေကို ပြည်လည် ဖော်ယူနိုင်ပြီး၊ ဖုန်းထဲက အချက်အလက်တွေကိုလည်း ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Compelson ကုမ္ပဏီဟာ လက်ရှိဖြစ်ပွားနေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာရဲတပ်ဖွဲ့ဆီ အစွမ်းထက်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို သိလျက်နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ Compelson ကုမ္ပဏီက မြန်မာ စစ်အုပ်စု နဲ့ ရဲတပ်ဖွဲ့ ရဲ့ ဆိုက်ဘာရာဇဝတ်မှုဌာနကို လိုင်စင်ဝယ်ယူမှု သက်တမ်းတိုးဖို့ အီးမေးလ်တွေ များစွာကို Justice For Myanmar က တွေ့ရှိထားတယ်လို့ ပြောပါတယ်။

ဒီနည်းပညာနဲ့ မြန်မာစစ်အုပ်စု နဲ့ ရဲတပ်ဖွဲ့ဟာ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆထားသူတွေကို ပစ်မှတ်ထား စောင့်ကြည့်တာ၊ ထောက်လှမ်းတာ နဲ့ ဥပဒေမဲ့ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ နဲ့ လူ့အခွင့်အရေးကာကွယ်သူတွေ အပါအဝင် ပြည်သူ ၂၉,၀၀၀ ကျော်ကို တရားလက်လွတ်ဖမ်းဆီးခဲ့ပြီး အကျဉ်းထောင်တွင်း ညှင်းပန်းနှိပ်စက်မှုတွေ နဲ့ သေဆုံးတာတွေ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီလို ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ဆောင်ဖို့ ထောက်လှမ်းရေး နဲ့ ဒစ်ဂျစ်တယ်မှုခင်း ဆေးပညာဆိုင်ရာ နည်းပညာကို အသုံးပြုနေပါတယ်၊ ဒီလိုအကြမ်းဖက်မှုတွေကို Compelson ဆော့ဖ်ဝဲလ် က ကူညီပေးနိုင်ခဲ့ပါတယ်။

ချက်နိုင်ငံအစိုးရအနေနဲ့ မိမိနိုင်ငံ နဲ့ EU ဥရောပသမဂ္ဂ ဥပဒေတွေကို Compelson ကုမ္ပဏီက ချိုးဖောက်ခဲ့ခြင်း ရှိ မရှိ ပြည့်ပြည့်ဝဝ စုံစမ်းစစ်ဆေးဖို့ Justice For Myanmar က တိုက်တွန်းလိုက်သလို စစ်အုပ်စု ရဲ့ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နဲ့ ကျူးလွန်မှုတွေမှာ အားပေးကူညီတာမျိုးမဖြစ်ဖို့ တာဝန်ရှိကြောင်းလည်း ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org