ရခိုင်မှာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်

ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၇ ခုရှိပြီး စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဒဲကျွန်းဆိပ်ကမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မယ့် မြေနေရာနဲ့ သဘာဝဓာတ်ငွေ့စခန်း(OGT)ကို ကြည့်ရှုစစ်ဆေးစဉ် Photo: Myanmar President Office
ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၇ ခုရှိပြီး စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ စစ်တွေဟိုတယ်မှာပြုလုပ်တဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိန်း က ပြောတာဖြစ်ပါတယ်။

ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၁ ခုရှိရာမှာ အများဆုံးက ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ အုန်းသီးကနေ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်မယ့် စက်ရုံတစ်ခုကို ဖွင့်လှစ်ဖို့ ပြည်တွင်းကုမ္ပဏီတစ်ခုကို မကြာသေးခင်က ခွင့်ပြုလိုက်တယ်လို့ ဒေါက်တာထူးမင်းသိန်း က ပြောခဲ့ပါတယ်။

ခွင့်ပြုပေးလိုက်တဲ့လုပ်ငန်းအတွက် လိုအပ်တဲ့ကုန်းကြမ်းတွေအပေါ် အခြေခံပြီး ဒေသခံတွေအတွက် အကျိုးအမြတ်တွေရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နံှမှုတွေ တိုးတက်လာရေးအတွက် နိုင်ငံခြားသံရုံးတွေအပြင် တစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတစ်ခုကို လာမယ့်နှစ်ဖေဖော်ဝါရီလမှာ ငပလီမှာပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org