ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံတော် သမ္မတရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သတင်း စာနယ်ဇင်း အပါအဝင် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ၂၅ ဦး ပါဝင်ပါတယ်။
-
2012-08-17 -
-
-
အခုလို အစိုးရက ဆောင်ရွက်လာတဲ့အတွက် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး အနေနဲ့ ကြိုဆိုကြောင်း ကော်မရှင်မှာ ပါဝင်တဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
"သမ္မတကြီးကတော့ ဒီပြဿနာကို အလေးအနက်ထားပြီးတော့ ဖြေရှင်းချင်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့က သူ့ကိုလည်း ကျွန်တော်တို့ ယုံယုံကြည်ကြည်နဲ့ လက်ခံပြီးတော့ လုပ်ပေးရမှာပါ။ ဒီဟာကတော့ တိုင်းရင်းသားတွေ အရေးလည်း ဖြစ်လာပြီကိုး။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ကြေညာချက်ထဲမှာ တိုင်းရင်းသားတွေ အရေးအတွက်ကို လုပ်ပိုင်ခွင့်လေးတွေ ပိုပေးပါလို့ ကျွန်တော်ဒါလေး ပြောထားတာရှိတယ်။ ကျွန်တော့် ရည်ရွယ်ချက်ထဲမှာ။ ဒီကိစ္စကတော့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်းလုပ်မှ ရမယ်လို့ ကျွန်တော် သဘောပေါက်ပါတယ်"
စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆောင်ရွက်ရမယ့် တာဝန်တွေထဲမှာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်း၊ မတူကွဲပြားတဲ့ ဘာသာအယူဝါဒရှိသူ လူမျိုးစုတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေရေး၊ ပဋိပက္ခအတွင်း သေဆုံးသူ ဒဏ်ရာရသူနဲ့ ပျက်စီးဆုံးရှုံးမှုတွေ စုံစမ်းရေး စတာတွေ ပါဝင်ပါတယ်။ ကော်မရှင်အနေနဲ့ လာမယ့် စက်တင်ဘာလ (၁၇) ရက်နေ့မှာ သမ္မတထံကို တိုက်ရိုက် အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် သာသာနာရေး ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်၊ အတွင်းရေးမှူးအဖြစ် Myanmar Egress အဖွဲ့က ဒေါက်တာ ကျော်ရင်လှိုင်တို့ကို ခန့်အပ် တာဝန်ပေးထားပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ သိက္ခာရ ဆရာတော် ဦးကျော်ညွန့်၊ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ စာရေးဆရာ မောင်ဝံသ၊ အနုပညာရှင် ဦးဇာဂနာ၊ ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင် စသူတို့ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး ဒေါ်အင်ကြင်းနိုင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
တင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |