မြန်မာကုန်သည်တွေရဲ့ ရူပီး ၅၀၀နဲ့ ၁၀၀၀ တန်ငွေစက္ကူတွေ ဈေးနှိမ်ခံရ
မြန်မာ - အိန္ဒိယ နယ်စပ်ဈေးဖြစ်တဲ့ တမူးမြို့နယ်က နန်းဖာလုံဈေးမှာ အိန္ဒိယအစိုးရက သိမ်းဆည်းလိုက်တဲ့ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို မြန်မာကုန်သည်တွေဆီကနေ အိန္ဒိယနိုင်ငံသားတွေက ၂၀ ရာ ခိုင်နှုန်းလောက် ဈေးနှိမ် ပြီး ပြန်လည်ဝယ်ယူနေတယ်လို့ ကုန်သည်တွေက ပြော ပါတယ်။
-
2016-11-23 -
-
-
မြန်မာ - အိန္ဒိယ နယ်စပ်ဈေးဖြစ်တဲ့ တမူးမြို့နယ်က နန်းဖာလုံဈေးမှာ အိန္ဒိယအစိုးရက သိမ်းဆည်းလိုက်တဲ့ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို မြန်မာကုန် သည်တွေဆီကနေ အိန္ဒိယနိုင်ငံသားတွေက ၂၀ ရာခိုင်နှုန်းလောက် ဈေးနှိမ်ပြီး ပြန်လည်ဝယ်ယူနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မြန်မာကုန်သည်အများစုက ရူပီးငွေ ၅၀၀ တန် ၁၀၀၀ တန်တွေ စုတာများတဲ့အတွက် ပိုအထိနာပြီး ရူပီးငွေ ၁၀၀၀ တန်ကို ရူပီး ၈၀၀ ပေးပြီးပြန်ဝယ်နေ တာဖြစ်တယ်လို့တမူးမြို့ဒေသခံ ကုန်သည် တစ်ဦးဖြစ်တဲ့ ကိုပူဟင် က ပြောပါတယ်။
"နယ်စပ်ဘက်မှာကျတော့ အိန္ဒိယရူပီးငွေနဲ့ပဲ အရောင်းအဝယ်လုပ်ကြတာဆိုတော့ ကုန်သည်တွေက အထိနာတာပေါ့၊ သူတို့ဆီမှာက ငွေက ၁၀၀၀ တန် ၅၀၀ တန်တွေကများတော့၊ နောက်ပိုင်းကျတော့ ကျနော်တို့ ဒီနယ်စပ် နန်းဖာလုံဈေးမှာ ဘယ်လိုဖြစ်လာသလဲဆိုတော့ အိန္ဒိယ ၁၀၀၀ တန်ကို အိန္ဒိယငွေ ၈၀၀ နဲ့ပေါ့ဗျာ၊ အိန္ဒိယလူတွေကပဲ ပြန်ဝယ်ကြတာပေါ့ဗျာ"
နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းမှာ အိန္ဒိယ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်ကို သုံးစွဲခွင့်ရပ်ဆိုင်း လိုက်ကြောင်းနဲ့ အဲ့ဒီငွေတွေကို ရက်ပေါင်း ၅၀ အတွင်း ပြန်လည် အစားထိုး လဲလှယ်ပေးသွားမယ်လို့ အိန္ဒိယ အစိုးရကတရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။
အဲလိုကြေညာပြီးနောက်ပိုင်း မြန်မာကုန်သည်တွေအနေနဲ့ လက်ဝယ်ရှိနေတဲ့ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို ပြန်လည်လဲလှယ်ဖို့ အခက် အခဲတွေ ဖြစ်နေတာကြောင့် အခုလို အရှုံးခံပြီးပဲ ပြန်ရောင်းနေကြရတာ ဖြစ်ပါတယ်။
လာဝယ်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေက ရူပီးငွေ ၁၀၀ တန် ၂၀၀၀ တန်စတာတွေနဲ့ ပြန်လဲပေးတာ ဖြစ်တယ် လို့လည်း သိရပါတယ်။
နန်းဖာလုံဈေးမှာ အရင်နှစ်တွေက နိုဝင်ဘာ၊ ဒီဇင်ဘာ နဲ့ ဇန်နဝါရီလတွေဟာ ပွဲတော်တွေလည်းရှိပြီး အရောင်းအဝယ် ကောင်းတဲ့အချိန်ဖြစ်ပေမဲ့ အခုလို အိန္ဒိယအစိုးရက ငွေတွေ ပြန်လည်သိမ်းဆည်း ပြီးနောက်ပိုင်း အိန္ဒိယဘက်က ကုန်သည်တွေ မလာကြတော့ဘဲ အရောင်းအဝယ်တွေ ရပ်တန့်နေ တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ရူပီးငွေနဲ့ မြန်မာငွေ လဲလှယ်နှုန်းဟာ ရူပီး ၁၀၀ ကို မြန်မာငွေ ၁၉၀၀ ဝန်းကျင် ဖြစ်နေတယ်လို့ သိရပါတယ်။