ဆိုမာလီတွေဖမ်းထားတဲ့ မြန်မာသင်္ဘောသားတွေ ပြန်လည်လွတ်မြောက်
MV Ruen ကုန်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ယီမင်နိုင်ငံကျွန်းတစ်ကျွန်းမှာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
-
RFA Burmese
2024-03-17 -
-
-
ဆိုမာလီပင်လယ်ဓားပြတွေ ဖမ်းဆီးပြန်ပေးဆွဲသွားတဲ့ MV Ruen ကုန်တင်သင်္ဘောကို ပြန်လည်သိမ်းယူခဲ့တယ်လို့ အိန္ဒိယရေတပ်က မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောပေါ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက သင်္ဘောသားကိုးဦး အပါအဝင် ဘူဂေးရီးယားနဲ့ အန်ဂိုလာက သင်္ဘောသား ၁၅ ယောက်ထက်မနည်းကို ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သောကြာနေ့က အိန္ဒိယရေတပ်ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ ဒရုန်းတွေ၊ ရေတပ်သင်္ဘောတွေ၊ ရေကြောင်းကွန်မန်ဒိုတွေသုံးပြီး နာရီပေါင်း ၄ဝ လောက်ကြာခဲ့ပါတယ်။
သင်္ဘောကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဆိုမာလီပင်လယ်ဓားပြ ၃၅ ယောက်လည်း လက်နက်ချ အဖမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သင်္ဘောပေါ်မှာ တရားမဝင်ခိုးသယ်လာတဲ့ လက်နက်ခဲယမ်းတွေလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
MV Ruen ကုန်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ယီမင်နိုင်ငံကျွန်းတစ်ကျွန်းမှာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။