အင်းတော်မှာ CDM ဆရာမအပါအဝင် ဒေသခံလေးဦး ထောင်ဒဏ်တစ်သက်ချခံရ

PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ အင်းတော်မြို့က CDM ဆရာမတစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်ပါတယ်။

ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံရသည့် ဒေါ်အေးအေး၊ CDM ဆရာမ ဒေါ်သိန်းလှ၊ ဒေသခံ ဒေါ်ခင်ပြည့်ပြည့်ထွန်းတို့ကို တွေ့ရစဉ်။ Indaw revilution IR

PDF တွေကိုထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က CDM ဆရာမတစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦးကို အင်းတော်စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည)၊ ၅၂ (က) နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထောင်ချခံရသူတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့က နေအိမ်တွေမှာရှိနေချိန်မှာပဲ စစ်ကောင်စီတပ်သားတွေ လာရောက် ဖမ်းဆီးသွားတာဖြစ်ပြီး ဧပြီလ ၁ ရက်နေ့နဲ့ ဧပြီလ ၃ ရက်နေ့တွေမှာ အသီးသီးထောင်ချလိုက်တာပါ။

အသက် ၄၀ ကျော်အရွယ် CDM ဆရာမ ဒေါ်သိန်းလှ၊ ဒေသခံ ဒေါ်ခင်ပြည့်ပြည့်ထွန်း၊ ဒေါ်အေးအေးနဲ့ အသက် ၂၄ အရွယ် ကိုအေးမင်းထွန်းကို စစ်ခုံရုံးကထောင်ချခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“ဧပြီလ ၁ ရက်နေ့က ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ချတယ်။ ဧပြီလ ၃ ရက်နေ့ကတော့ အမျိုးသမီးသုံးဦး။ တစ်သက်တစ်ကျွန်းပဲ။ အကုန်းလုံးကို ၅၀ (ည)၊ ၅၂ (က) အဲဒီပုဒ်မတွေနဲ့ တစ်သက်တစ်ကျွန်းချလိုက်တာ”

မတ်လ ၃ ရက်မှာဖမ်းဆီးခံရတဲ့ အင်းတော် PDF တစ်ဦးရဲ့ အလှူရှင်စာရင်းထဲ ပါတယ်လို့စွပ်စွဲပြီး စုစုပေါင်း ၂၂ ဦး ကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး ၁၈ ဦးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လေးဦးကိုတော့ ထောင်ချလိုက်တာလို့ ဆိုပါတယ်။

အင်းတော်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း CDM ဆရာမအပါအဝင် ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းမိတဲ့ PDF တစ်ဦးရဲ့ အလှူရှင်စာရင်းမှာ နာမည်တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားခဲ့တာလို့ RFA ကို ပြောပါတယ်။

“PDF တစ်ယောက်က အရင်ဖမ်းခံရတာ။ အဲ PDF ရဲ့အလှူစာရင်းမှာ ပါတယ်ဆိုပြီး ဆွဲသွားတာ။ ဘာသက်သေမှ မရှိဘူး။ ဆရာမ ဒေါ်သိန်းလှကို ဆွဲသွားတာလည်း ဘာသက်သေမှ ပြလို့မရဘူး။ အဲစာရင်းမှာ ဒီဆရာမက အလှူငွေ တစ်သိန်း၊ နှစ်သိန်း ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲပြီးဖမ်းသွားတာ။ သူက ဘာပြစ်မှုမှ ကြီးကြီးမားမားမရှိဘူး။ CDM ဝင်တာလောက်ပဲရှိတာ။ ကျန်တဲ့ သုံးယောက်က သာမာန်ပြည်သူတွေပဲ ”

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးကို အလားတူ အကြမ်းဖက်မှုဥပဒေနဲ့ပဲ ထောင်ဒဏ်တစ်သက်ချခံခဲ့ရတာကြောင့် အင်းတော်မြို့မှာ စုစုပေါင်း ငါးဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၄ ရက်အထိ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားစုစုပေါင်း ၁၇၃၃၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၅၅၁၆ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org